Pages

Thursday, March 3, 2016

ပျူမြို့ဟောင်းသုံးခုရှိ ရှေးဟောင်းကုန်းများ တူးဖော်ခြင်းကို မတ်လတွင် ရပ်နားမည်ဖြစ်သော်လည်း သုတေသနလုပ်ငန်းများ ဆက်လုပ် ဆောက်ရွက်မည်



ရန်ကုန် ၊ ၃-၃-၂၀၁၆

ပျူမြို့ဟောင်း သုံးခုတွင် ရှေးဟောင်း ကုန်းများ တူးဖော်ခြင်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ကုန်ဆုံးသည့် မတ်လအတွင်း ရပ်နားမည် ဖြစ်သော်လည်း သုတေသန လုပ်ငန်းများကို ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများ ဌာနခွဲမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ဝက်လက်မြို့နယ် ရှိ ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ်ရှိ ဗိဿနိုး မြို့ဟောင်း နှင့် ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် အတွင်းရှိ သရေခေတ္တရာ မြို့ဟောင်း တို့ကို ပျူမြို့ဟောင်း သုံးခုအဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါမြို့ဟောင်း များကို စတင် တူးဖော်သည့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ဟန်လင်းမြို့ဟောင်း တွင် နန်းမြို့ရိုးနှင့် နန်းတော်ရာမြို့ အဝင်ပေါက် တစ်ခု၊ သရေခေတ္တရာ မြို့ဟောင်းတွင် နန်းမြို့ရိုး မြို့အဝင်ပေါက် နှင့် ဗိဿနိုးမြို့ဟောင်း အတွင်းရှိ အင်းကန်ကြီး အနီး ပတ်ဝန်းကျင်တွင် ပျူခေတ် ယဉ်ကျေးမှု ဆိုင်ရာ ဘာသာရေး အဆောက်အအုံ ဟောင်းကို တူးဖော်တွေ့ရှိ ထားပြီး ဖြစ်သည်။

''ဗိဿနိုးမြို့ဟောင်း ထဲက အင်းကန်ကြီး ဘေးနားမှာ ဘာသာရေးနဲ့ နှီးနွှယ်တဲ့ အဆောက်အအုံ တွေလို့ ယူဆရတာ တွေကို တူးဖော်တွေ့ ရှိ ထားပါတယ်။ တူးဖော်တွေ့ရှိ ထားတဲ့ အဆောက်အအုံ တွေရဲ့ ပျူယဉ်ကျေးမှု ဆိုင်ရာ အထောက်အထား အကြွင်းအကျန် တွေကို သုတေသန ပြုသွားမယ်။ ၁၉၄ဝ ပြည့်နှစ် အင်္ဂလိပ်ခေတ် လက်ထက်က ဆွဲထားတဲ့ မြေပုံကို  သုတေသနပညာရှင်တွေက ဆာဗေး လုပ်ပြီး ပြန်ထုတ်ထားတဲ့ အပေါ် အခြေခံပြီး တူးဖော်တာပါ။ အားလုံးကို သိရတယ် လို့တော့ မဟုတ်ဘူး။ နန်းမြို့ရိုးဟောင်း တွေလို့ ယူဆရတဲ့ ကုန်းတွေကို ခေတ်မီနည်း စနစ်တွေ၊ စက်ကိရိယာ အကူအညီနဲ့ သိရတယ်'' ဟု ကမ္ဘာ့ အမွေအနှစ် ဒေသများ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော် က ပြောသည်။

ရှေးဟောင်းကုန်းများ တူးဖော်ခြင်းနှင့် သုတေသန ပြုခြင်းကို ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ချထားပေးသည့် ဘတ်ဂျက်ငွေ ကျပ်သိန်း ၈ဝဝ ကိုအသုံးပြုကာ ဖေဖော်ဝါရီလ တွင် စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး တွေ့ရှိရသည့် ရှေးဟောင်း အဆောက်အအုံ များ၊ စေတီပုထိုးများ၊ နန်းမြို့ရိုးနှင့် နန်းတော်ရာ မြို့အဝင်ပေါက် များ၏ ခေတ်ကာလနှင့် သက်တမ်းများ တွက်ချက်ခြင်းကို ပြုလုပ်လျက် ရှိသည်။

၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ အထိ ဟန်လင်းမြို့ဟောင်း တွင် ရှေးဟောင်းကုန်း ၄ဝ ခု၊ ဗိဿနိုးမြို့ဟောင်း တွင် ရှေးဟောင်းကုန်း ၅ဝ ခုနှင့် သရေခေတ္တရာ မြို့ဟောင်းတွင် ရှေးဟောင်းကုန်း ၆၃ ခုကို တူးဖော် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ စီမံ ခန့်ခွဲမှု အစီအစဉ်အတိုင်း၂ဝ၁၃-၂ဝ၁၈ ခုနှစ်အထိ နှစ်အလိုက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment