Pages

Monday, March 7, 2016

မြန်မာနိုင်ငံတွင် မြေအမျိုးအစား ၂၄ မျိုးအနက် ၉ မျိုးသာ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အဓိကထား အသုံးပြုနိုင်



ရန်ကုန် ၊ ၇-၃-၂၀၁၆

မြန်မာနိုင်ငံတွင် လေ့လာ တွေ့ရှိချက် များအရ မြေအမျိုးအစား ၂၄ မျိုးအနက် ၉ မျိုးသာ စိုက်ပျိုးရေးလုပ်ငန်း များအတွက် အဓိကထား လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

''မြန်မာ တစ်နိုင်ငံလုံးကို ခြုံငုံပြောမယ် ဆိုရင် မြေအမျိုးအစား ၂၄ မျိုးရှိတယ်။ အများဆုံး စိုက်ပျိုးရေး လုပ်နိုင်တဲ့မြေက ကိုးမျိုးရှိတယ်။ နီညိုတောမြေ၊ ဝါညိုတောမြေ၊ ဂဝံမြေ စတဲ့မြေ အမျိုးအစား သုံးမျိုးဟာ မိုးများတဲ့ ဒေသမှာ ရှိတယ်'' ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးပညာပေးရေး ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်အောင်ရှိန် က ပြောသည်။

မြေနီသဲဝန်း၊ မြေဝါသဲဝန်းနှင့် စနယ်မြေ များသည် မိုးခေါင်သည့် ဒေသများ၊ ရေရှားသည့် ဒေသများတွင် တွေ့ရပြီး ထူးခြားမှု လက္ခဏာအဖြစ် ဆားပေါက်ခြင်း၊ ဆပ်ပြာ ပေါက်ခြင်းများ ဖြစ်ပေါ်ကြောင်း နှင့် သိပ္ပံ ပညာရှင်များ၏ လေ့လာ တွေ့ရှိချက်များ အရ မြေသည် ရှစ်နာရီ တစ်ကြိမ် မြေဆီလွှာ ပြောင်းလဲလျက် ရှိကြောင်း သိရသည်။

''မြေဆီလွှာ ကလည်း အသက်ရှိတယ်။ ရှစ်နာရီတစ်ခါ မြေဆီလွှာ ပြောင်းလဲတယ်။ ဒီမြေ မဟုတ်တော့ဘူး။ မြေကြီးမှာ ရုပ်ဂုဏ် သတ္တိရှိတယ်။ ဓာတ်ဂုဏ် သတ္တိရှိတယ်။ ဇီဝဂုဏ်သတ္တိ ရှိတယ်။ ရုပ်ဂုဏ်သတ္တိ ဆိုတာ မြေရဲ့ အရောင်အဆင်း၊ နောက်မြေကြီး ရဲ့ထု၊ မြေမှုန်ပေါင်းစပ်မှု စသည်ဖြင့်ပေါ့။ ဒါတွေကို ရုပ်ဂုဏ်သတ္တိလို့ ခေါ်တယ်'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် သစ်တော ပြုန်းတီးမှုနှင့် စနစ်မကျသော ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးခြင်း များနှင့် လှေကားထစ် စိုက်ပျိုးခြင်းများ သည်လည်း မြေဆီလွှာ ပျက်သုဉ်းခြင်း ၏ အခြေခံ ဖြစ်သည်။

မြေဆီလွှာတွင် စိုက်ပျိုးရန် မြေဆွေးဓာတ် ၁ ဒသမ ၅ မှ ၂ ရာခိုင်နှုန်း ရှိမှသာ သီးနှံအထွက် ပိုမိုကောင်းမွန်မည် ဖြစ်သည်။ သီးနှံပင်များ စိုက်ပျိုးချိန်တွင် မြေကြီးအတွင်းမှ မြေဆီများကို သစ်ပင်များက စုပ်ယူစားသုံး 

သွားသည့်အတွက် တောင်သူများ စိုက်ပျိုးသော မြေများထဲတွင် အာဟာရဓာတ်များ တဖြည်းဖြည်း လျော့နည်းလာကာ စပါးရိတ်သိမ်း ရာတွင် နိုက်ထရိုဂျင်ဓာတ် ၄ဝ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၃ဝ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၈ဝ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း ထုတ်နုတ်ယူ သွားပြီး ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment