Pages

Monday, March 7, 2016

ပြင်းထန် ၀မ်းပျက်ဝမ်းလျှော ရောဂါ


ပြင်းထန် ၀မ်းပျက်ဝမ်းလျှော ရောဂါ

ဒေါက်တာ လွင်သန့် (ဆေး-၂)

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ (Vibrio Cholerae) ရောဂါပိုးပါရှိတဲ့ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေ စားသောက်မိခြင်း ကနေ ကူးစက်ဖြစ်ပွား ပါတယ်။

ဝမ်းရောဂါပိုးဟာ ရောဂါရှိသူ စွန့်ပစ်လိုက်တဲ့ မစင်မှာ ပါဝင်တယ်။ ဝမ်းလျှောတာ ပြင်းထန်တဲ့အခါ ခန္ဓာကိုယ် အတွင်း ရေနဲ့ ဓာတ်ဆားတွေ ကုန်ခန်းသွားလို့ ရေဓာတ် ခန်းခြောက်ခြင်း ဖြစ်တယ်။ ရောဂါ ပြင်းထန်ရင် အသက်ဆုံးရှုံး နိုင်ပါတယ်။

ရောဂါ အစပျိုးချိန်မှာ နာရီ အနည်းငယ် ကနေ ငါးရက်အထိ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားခြင်း ကနေ ရှောင်ရှားဖို့ ရေကို ကျိုချက် သောက်ရမယ်။ အစားအစာနဲ့ သောက်ရေများ ယင်မနားစေဖို့ ဖုံးအုပ်ထား ရမယ်။ အစားအစာ ပူပူနွေးနွေး စားရမယ်။ ယင်နားစာများနဲ့ အမှည့်လွန် သစ်သီးများ မစားသင့်ပါ။ သန့်ရှင်းတဲ့ ယင်လုံအိမ်သာ အသုံးပြုရမယ်။ အစားအစာ မစားမီနဲ့ အိမ်သာကနေ ဆင်းပြီးတာနဲ့ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝ မျှ စင်ကြယ်အောင် ဆေးကြောဖို့ လိုတယ်။

လူနာရဲ့ အဝတ်အစား တွေကို သောက်သုံးရေကန် များအနီး မလျှော်ဖွပ် သင့်ပါ။  ဆေးရုံတက် လူနာတွေ ဆေးရုံမှာ သီးသန့် လျှော်ဖွပ်၊ နေပူလှန်း၊ မီးပူတိုက်သင့် တယ်။

ပြင်းထန်တဲ့ လက္ခဏာရှိရင် အသက်ဆုံးရှုံးမှုမှ ကာကွယ်ဖို့ အနီးဆုံး ကျန်းမာရေး ဌာနကို သွားရောက် ဆေးကုသမှု ခံယူရမယ်။ ရေတွင်းရေကန်ကို Bleaching Powder ခတ်ပေးရမယ်။ ရေဂါလန် ပေါင်းတွက်နည်းမှာ ရေတွင်းအချင်း နှစ်ထပ်ကိန်းကို ရေအနက် ၅ ဆနဲ့ မြှောက်တဲ့ရလဒ် ဖြစ်တယ်။

ရေကန်တွေ အတွက်က ရေကန်အလျား၊ အနံ၊ အနက် ကိုမြှောက်ပြီး ၆ ဒသမ ၂၅ နဲ့ မြှောက်ရမယ်။ ရေဂါလန် ၁ဝဝဝ မှာ ဘလိချင်းအမှုန့် အောင်စဝက်မှ တစ်အောင်စ (ဟင်းစားဇွန်း နှစ်ဇွန်း) ခတ်ပြီး မိနစ် ၃ဝ စောင့်ပြီးမှ သုံးစွဲရမှာ ဖြစ်ပါတယ်။

လက်နှိပ်တုံကင် (အဝီစိတွင်း) မှာ သောက်ဖို့အတွက် ဆေးမှုန့်ဟင်းစားဇွန်း နှစ်ဇွန်းကို ရေခွက်တစ်ခွက်မှာ ဖျော်ပြီး လက်နှိပ်တုံကင် ထဲ လောင်းထည့်ရမယ်။ မိနစ် ၃ဝ စောင့်ပြီး ရေငါးပုံးစာ ခပ်ထုတ်ပြီးမှ အသုံးပြုသင့် ပါတယ်။

ကျန်းမာရေး ပညာပေးခြင်း အနေနဲ့ ယင်နှိမ်နင်းရေး၊ လောက်လမ်း နှိမ်နင်းရေး၊ အစားအစာများ ဖုံးအုပ်ထားရေး၊ အစားအစာများ နွှေးပြီးမှစားဖို့၊ စားကြွင်းစားကျန် တွေစနစ်တကျ စွန့်ပစ်ဖို့၊ ရေကျက်အေး သောက်ဖို့၊ ယင်လုံအိမ်သာ သုံးဖို့၊ ရေအရင်းအမြစ်များ ဘလိချင်းပေါင်ဒါ ထည့်ခတ်ပြီးမှ သုံးဖို့ လိုပါတယ်။ လိုအပ်ရင် ဝမ်းပျက်ရောဂါ ကြိုတင် ကာကွယ်ဆေး (Anti Cholerae Vaccine) ထိုးထားရမယ်။ ဝမ်းမပျက်အောင် စိတ်ချရတဲ့ အစာနဲ့ရေကို စားသောက်ဖို့ လိုအပ်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment