Pages

Friday, March 18, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုမှ အသိအမှတ်ပြုရေး အတွက် ဒေသခံများနှင့် ပူးပေါင်း အကောင်အထည်ဖော်မည်



ညောင်ဦး ၊ ၁၈-၃-၂၀၁၆

ယဉ်ကျေးမှု ဝန်ကြီးဌာန သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို မှ အသိအမှတ်ပြု စေရန် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းနှင့် ပူးပေါင်း၍ Master Plan ရေးဆွဲနေပြီး မကြာမီ လပိုင်းအတွင်း အပြီးသတ်ကာ ဒေသခံများသို့ ချပြ၍ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံသည် မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခု ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု အများဆုံးသော ဒေသ၌တစ်ခု ပါဝင်သဖြင့် ယူနက်စကို ၏ အသိအမှတ်ပြု စာရင်းထဲတွင် ပါဝင်လာခဲ့ပါက နိုင်ငံတကာ၏ စိတ်ဝင်စားမှုမှာ ယခုထက်ပို၍ မြင့်တက်လာနိုင် သဖြင့် အသိအမှတ်ပြု ခံရရေးအတွက် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် အသိအမှတ်ပြု အဖြစ် ပါဝင်နိုင်စေရန် မည်သို့ ဆောင်ရွက်သွားမည် ဆိုသည်ကို ဒေသခံများအား ရှင်းပြသွားမည် ဖြစ်ပြီး ဒေသခံများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် က မတ် ဒုတိယပတ်အတွင်း ဒေသခံများနှင့် တွေ့ဆုံစဉ်က ပြောခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပျူမြို့ဟောင်း သုံးခုဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ မြို့ဟောင်း တို့သည် ယူနက်စကို ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြု ခံထားရပြီး မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ကိုလည်း ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အဖြစ် အသိအမှတ်ပြု ထားပြီး ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment