Pages

Friday, March 4, 2016

ကလေးဖြည့်စွက်စာ ကျွေးခြင်း



ဒေါက်တာ လွင်သန့် (ဆေး-၂)

မွေးခါစအရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ တိုက်ကျွေး သင့်တယ်။ မိခင်နို့က ဝမ်းလျှောရောဂါ၊ လတ်တလော အသက်ရှူ လမ်းကြောင်း ရောဂါတွေကို ကာကွယ် နိုင်တယ်။ အသက်ခြောက်လ ပြည့်တဲ့အထိ မိခင်နို့ရည် တစ်မျိုးတည်း ကသာ ကလေးအတွက် အာဟာရ အပြည့်အဝ ရရှိစေတယ်။ မိခင်နို့ရည် တိုက်ကျွေးတဲ့ ကလေးတွေက နှင်းခူ၊ ယားနာ မဖြစ်ဘူး။

ကလေးအသက် ခြောက်လ ပြည့်ပြီးရင်လည်း မိခင်နို့ကို နေ့ရောညပါ ကလေး နို့ဆာတိုင်း တိုက်ရမယ်။ မိခင်နို့ရည်က ကလေးအသက်နှစ်နှစ်အထိ အရေးကြီး တဲ့ အာဟာရ ဖြစ်တယ်။ အသက် ခြောက်လမှ တစ်နှစ်အတွင်း ကလေးကို ဖြည့်စွက်စာ ကျွေးတဲ့အခါ မိခင်နို့ကို အရင်စို့ စေပြီးမှ ကျွေးသင့်တယ်။

အသက် ခြောက်လကျော်တဲ့ ကလေးကို ဗီတာမင် A ဆေးလုံး တစ်နှစ်နှစ်ကြိမ် တိုက်ကျွေး ဖို့လိုပါတယ်။ ဖြည့်စွက်စာ အဖြစ် ပျော့တဲ့အစာကို တစ်နေ့ ထမင်းစားဇွန်း တစ်ဇွန်ကနေ နှစ်ဇွန်းအထိ တစ်နေ့သုံးကြိမ် ကျွေးရမယ်။ တဖြည်းဖြည်း အကြိမ်ရေနဲ့ ပမာဏတိုးပြီး ကျွေးသင့်ပါတယ်။

ဖြည့်စွက်စာကို မိခင်နို့၊ မြေပဲမှုန့်နဲ့ အသီးအနှံများ ထည့်ကျွေး သင့်သည်။ အသား၊ ငါးနဲ့ နို့ စတာတွေကို ဖြည့်စွက်စာ အနေနဲ့ မကြာမကြာ ထည့်ကျွေး ရမယ်။ အစာ စုံလင်အောင် ကျွေးဖို့လိုတယ်။ ကလေးစားတဲ့ အစာမှာ တစ်နေ့လျှင် ဆီ လက်ဖက်ရည် ဇွန်းတစ်ဝက် ထက်မပိုဘဲ ထည့်ကျွေးဖို့ လိုတယ်။ အစားအစာ မပြင်ဆင်မီနဲ့ အစာကျွေး ခါနီးမှာ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂ဝ ကျော်ကြာ ဆေးကြောရမယ်။ ကလေး လက်ကိုလည်း ဆေးပေးရမယ်။ ကလေး အညစ်အကြေး ကိုင်ပြီးတိုင်း၊ သန့်စင်ခန်း ဝင်ပြီးတိုင်းနဲ့ အစာကျွေးပြီး တိုင်း လက်ဆေးသင့် ပါတယ်။ ပန်းကန် ခွက်ယောက်ကို သန့်ရှင်းတဲ့ ရေ၊ ဆပ်ပြာ တို့နဲ့ စင်ကြယ်အောင် ဆေးပြီး အသုံးမပြုမီ ဖုံးအုပ်ထား သင့်ပါတယ်။

ကလေးအစာ ပြင်ဆင်တဲ့ေ နရာမှာ သန့်ရှင်းရမယ်။ အစာမကျွေးမီ ဖုံးအုပ်ထားရမယ်။ ကလေးစားတဲ့ ပန်းကန်တွေကို သီးသန့် ထားရမယ်။ အစားအစာ ပြင်ဆင်ပြီး တစ်နာရီထက် ပိုကြာတဲ့ အစာကို ပြန်ကျွေးရင် ပွက်ပွက် ဆူအောင် နွှေးပြီးမှ ကျွေးရမယ်။ ကလေးဟာ အသက်ရလာရင် သူ့အလိုလို ယူစားတတ် လာပါတယ်။ လူကြီးတွေက ကလေး အစာစားတဲ့ အခါ လုံလောက်မှုရှိ၊ မရှိ ကြည့်ရမယ်။

ခြောက်လ အရွယ်မှာ ဖြည့်စွက်စာ ဖြစ်တဲ့ ဆန်ပြုတ် သို့မဟုတ် ခြေထားတဲ့ အစာပျော့ကို စတင်ကျွေးလို့ ရပါပြီ။ ထမင်းစားဇွန်း နှစ်ဇွန်းမှ သုံးဇွန်းအထိ ကျွေးနိုင်တယ်။ သရေစာကို တစ်ကြိမ်မှ နှစ်ကြိမ် ကျွေးနိုင်တယ်။ ထမင်းစားဇွန်း နှစ်ဇွန်းမှ သုံးဇွန်း ဇောက်ပန်းကန် တစ်ဝက် ကျွေးနိုင်ပါတယ်။ အသက်တစ်နှစ်မှ နှစ်နှစ်အထိ မိသားစု ထမင်းဝိုင်းက အစာကို သုံးကြိမ်မှ လေးကြိမ်၊ သရေစာကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ ဇောက်ပန်းကန်လုံး တစ်လုံး ကျွေးရမယ်။

အသက် ခြောက်လမှ နှစ်နှစ်အထိ ကို မိခင်နို့ ဆက်လက် တိုက်ကျွေးရမယ်။ မိခင်နို့ မတိုက်ကျွေးရင် တစ်နေ့ နို့နှစ်ခွက် (၅ဝဝ မီလီလီတာ) တိုက်ရမယ်။ ကလေးကို လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ ပါတဲ့ အချိုရည် တွေ မတိုက်သင့် ပါဘူး။ သစ်သီးဖျော်ရည် လျှော့တိုက်ရမယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment