Pages

Monday, March 7, 2016

အနိမ့်အမြင့် အကွေ့အကောက် အတက်အဆင်း များဖြင့် ပုံဖော်ထားသည့် ဘ၀သံသရာတံတား


ဘဝသံသရာ တံတား (Bawa Samsara Bridge)

ရှမ်းပြည်နယ် အတွင်းရှိ နာမည်ကျော် တံတားဆိုလျှင် ဂုတ်ထိပ်တံတား ကို ပြေးမြင်ကြသည်။ သို့သော် ဂုတ်ထိပ် တံတား ကဲ့သို့ပင် သွားရောက် လည်ပတ်မှု များပြီး လူအများ စိတ်ဝင်စား ကြသည့် တံတားတစ်စင်း လည်း ရှိနေသေးသည်။

အဆိုပါတံတား ၏အမည်မှာ ဘဝသံသရာ တံတား (Bawa Samsara Bridge) ဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) သာစည် - ရွှေညောင်ကြား၊ တံတားပေါင်း ၄၁၇ စင်းရှိသည့်အနက် မိုင်တိုင် (၃၇၉/ ၇-၈) တံတားအမှတ် (၃၈၂) ဖြစ်ကာ လူအများ စိတ်ဝင်စားခြင်း ခံရသော တံတား ဖြစ်သည်။

ဘဝသံသရာ တံတားကို ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သံပေါင် အမျိုးအစား တံတားတစ်စင်း ဖြစ်ကာ တံတားအမှတ်မှာ (၃၈၂) ဖြစ်ပြီး ပေ ၂ဝဝ ရှည်လျား၍ ၆၂ ပေ မြင့်သည်။ ဘဝသံသရာဟု အမည်ပေး ဖြစ်ပုံမှာ အောက်တံတားမှ အထက် ဟဲဟိုးသို့ တက်ရာတွင် ခရုပတ် စက်ဝိုင်းသဏ္ဌာန် အတက်အဆင်း၊ အကွေ့အကောက်၊ အနိမ့်အမြင့် များလှ သောကြောင့် ရှုပ်ထွေးလွန်းသော လူ့ဘဝဇာတ်ခုံ နှင့် နှိုင်းယှဉ်ကာ အမည်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘဝသံသရာ တံတားကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များက အထူး စိတ်ဝင်စား၍ ရပ်နား လေ့လာမှုများ တစ်နေ့တခြား များပြားလျက် ရှိရာတွင် ပတ်ဝန်းကျင် သာယာလှပ မှုနှင့် ခရီးသွား ဧည့်သည်များ စိတ်ချမ်းမြေ့မှု ရရှိစေရန် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြို့ပြ အင်ဂျင်နီယာ ဌာန၊ တိုင်းအမှတ် (၄) ကလောမှ ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက် ရှိသည်။

အဆိုပါတံတား ပေါ်မှ နေ့စဉ်ရထား အမှတ် (၁၄၃) ဖြင့် သာစည်မှ ရပ်စောက်သို့ အဆန်ခရီး၊ ရထားအမှတ် (၁၄၄) ဖြင့် ရပ်စောက်မှ သာစည်သို့ အစုန်ခရီး စုစုပေါင်း ခရီး အကွာအဝေး ၉၈ မိုင်ကို ခရီးသွား ပြည်သူများ အတွက် ပုံမှန်ပြေးဆွဲ ပေးလျက်ရှိပြီး ကုန်ရထား၊ ဆီသုံးတွဲရထား နှင့် တိုင်းအမှတ် (၄) ကလော၏ ကြီးကြပ်မှု အောက်ရှိ ရွှေညောင်  ဘူတာရုံမှ ထုတ်လုပ်သည့် ရထားသံလမ်း အောက်ခံ ကွန်ကရစ် ဇလီဖားတုံး သယ်ဆောင်ခြင်း လုပ်ငန်းများကို အဆိုပါ တံတားပေါ်မှ ဖြတ်သန်း ဆောင်ရွက်လျက် ရှိသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နာမည်ကျော် ဂုတ်ထိပ်တံတား ပြီးလျှင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လူသိများ အထူးထင်ပေါ် သည့် သမိုင်းဝင် တံတားတစ်စင်း ဖြစ်ပြီး အင်းလေးကန် သို့ သွားရောက် လည်ပတ်သူများ အနေဖြင့် ဘဝသံသရာ တံတား၌ ခရီး တစ်ထောက် နားကာ ဓာတ်ပုံများ ရိုက်ကူးကြသည်။

ဂုတ်ထိပ်တံတား ပြီးလျှင် ဒုတိယမြောက် နာမည်ကြီးသည့် အနိမ့်အမြင့်၊ အကွေ့အကောက်၊ အတက်အဆင်း များလှသော လူ့ဘဝနှင့် နှိုင်းယှဉ် ပုံဖော်ထားသည့် ဘဝသံသရာ တံတားသို့ တစ်ခါတစ်ခေါက် သွားရောက် လည်ပတ် သင့်ကြောင်း ရေးသား လိုက်ရပါသည်။ 

ကျော်ဇေယျ

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment