Pages

Tuesday, March 1, 2016

ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိက စာသင်ကျောင်းများ၌ ဆရာ ဆရာမ ၁၀၀၀၀ ကျော်ရှိ


ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁-၃-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက စာသင်ကျောင်း များ၌ ဆရာ၊ ဆရာမ အဖြစ် လုပ်ကိုင်ခွင့်ပြု ထားသူ ၁ဝဝဝဝ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ပုဂ္ဂလိက ကျောင်းဆရာ အဖြစ် လုပ်ကိုင်လိုပါက မှတ်ပုံတင်ရပြီး နှစ်စဉ်ဇွန်လ အတွင်း တရားဝင် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးလျက် ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရဆိုလျှင် ဦးရေ သိန်းဂဏန်း နီးပါးရှိကြောင်း သိရသည်။

''ဇွန်လအတွင်း လက်မှတ်ပေး နိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လျှောက်ထား သူတိုင်းက သတ်မှတ် အရည်အချင်း တွေနဲ့ ပြည့်မီရပါတယ်။ အသိအမှတ်ပြု လက်မှတ်က အစိမ်းရောင် ကတ်ပြား ဖြစ်ပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုဂ္ဂလိက ကျောင်းဆရာ အဖြစ် လျှောက်ထားသူ များသည် လုပ်သက် အနည်းဆုံး ငါးနှစ်ရှိရမည် ဖြစ်ပြီး မိမိသင်လိုသော ဘာသာရပ်နှင့် ဆိုင်သော ဘွဲ့အမျိုးအစား ဖြစ်ရမည် ဖြစ်သည်။

''မှတ်ပုံတင်ကြေး အနေနဲ့ တစ်နှစ်စာ ပေးသွင်းရပါတယ်။ မှတ်ပုံတင်တဲ့ အခါ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး တွေမှာ လျှောက်လွှာတင် ရပါတယ်။ အသိအမှတ်ပြု မှတ်ပုံတင်ကြေး အဖြစ် တစ်နှစ်ကို ၃ဝဝဝဝ ပေးသွင်း ရပါတယ်'' ဟု ပုဂ္ဂလိက ဆရာအဖြစ် လုပ်ကိုင်နေသူ ဆရာ ဦးနေမျိုး ကပြောသည်။

ပုဂ္ဂလိကဆရာအဖြစ် မှတ်ပုံတင်ကြေး၊ စာရွက်စာတမ်းကြေး ၃ဝဝဝဝ ပေးသွင်းရပြီး သက်ဆိုင်ရာ တချို့ဘွဲ့ရ များမှာ ၄င်းတို့ တင်ပြထားသော ဘာသာရပ်ထက် တခြား ဘာသာရပ် များအား သင်ကြားနေမှု ကိုလည်း လုပ်ငန်း ကျွမ်းကျင်မှုအပေါ် မူတည်၍ နားလည်မှုယူကာ သင်ကြား နေကြကြောင်း သိရသည်။

နိုင်ငံတကာ ပညာရေးတွင် ပုဂ္ဂလိက ပညာရေးကို ဆရာများ၏ အရည်အချင်း သတ်မှတ်ရာတွင် ဘာသာရပ် အပေါ် ကျွမ်းကျင်မှု၊ အတွေ့အကြုံ ရင့်ကျက်မှု၊ ပညာရပ်များ အပေါ် လေ့လာ ဆည်းပူးမှု နှင့် အများလက်ခံ နိုင်သော နာမည်ကောင်း ရှိမှု စသည့်အချက် များဖြင့် တိုင်းတာသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား ၈ ဒသမ ၇ သန်းကျော်ကို ဆရာအင်အား သုံးသိန်းကျော်ဖြင့် သင်ကြား ပေးလျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment