Pages

Wednesday, February 24, 2016

အာနန္ဒာစေတီတော်ဝင်း တစ်ခုလုံးကို CCTV ကင်မရာ ၈၄ လုံးတပ်ဆင်၍ ၂၄ နာရီ စောင့်ကြည့်လျက်ရှိ



ညောင်ဦး ၊ ၂၄-၂-၂၀၁၆

နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ သမိုင်းဝင် တန်ခိုးကြီး စေတီတော် တစ်ဆူဖြစ်သည့် အာနန္ဒာစေတီတော် ဝင်းတစ်ခုလုံးကို CCTV  လုံခြုံရေး ကင်မရာ ၈၄ လုံး တပ်ဆင်၍ ၂၄ နာရီ စောင့်ကြည့်လျက် ရှိသည်ဟု သိရသည်။

အာနန္ဒာ စေတီတော်ဝင်း တစ်ခုလုံးကို CCTV လုံခြုံရေးကင်မရာ များဖြင့် စောင့်ကြည့်ခြင်းကို ၂ဝဝ၅ ခုနှစ် နောက်ပိုင်းက စတင် လုပ်ဆောင်ခဲ့သည်။ ယခင် တပ်ဆင်ထားသည့် ကင်မရာများ အစား ယခုအခါ အဆင့်မြင့် လုံခြုံရေး ကင်မရာ ၈၄ လုံးကို ငွေကျပ်သိန်း ၅ဝဝ ကျော် အကုန်အကျခံ၍ ပြောင်းလဲ တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

သက္ကရာဇ် ၄၅၂ ခုနှစ် (အေဒီ-၁ဝ၉၁) ၌ ကျန်စစ်သားမင်းကြီး တည်ထား တော်မူခဲ့သည့် အာနန္ဒာ စေတီတော်ကြီးတွင် ပွင့်တော်မူပြီး ဖြစ်သော ဘုရားလေးဆူ ရည်မှန်းပူဇော် ထားသည့် မုခ်လေးမုခ် တွင် ဉာဏ်တော် ၃၁ ပေ ကျော်ရှိသော ရုပ်ပွားတော် လေးဆူ အပါအဝင် အတွင်း စင်္ကြံနှစ်ထပ်၊ အာရုံခံလေးဖက်၊ စေတီတော် ဉာဏ်တော် ၁၆၈ ပေ၊ ဖိနပ်တော် အလျား ၂၉၅ ပေရှိသည့် စေတီတော်ကြီး၌ ပုဂံခေတ်၏ ဗိသုကာ လက်ရာများ၊ အနုပညာလက်ရာ များစွာတို့ကို တွေ့ရှိနိုင်သည်။

''အာနန္ဒာ စေတီတော်ကြီးက သမိုင်းဝင် စေတီတော် တစ်ဆူဖြစ်သလို ပုဂံခေတ် အနုပညာလက်ရာ တွေလဲ စုံစုံလင်လင် ကျန်ရှိနေပါ သေးတယ်။ ဒါကြောင့် မသမာသူ တွေရန်က ကာကွယ် နိုင်အောင် အရင် တပ်ဆင်ထားတဲ့ ကင်မရာ တွေအစား အဆင့်မြင့် ကင်မရာတွေ ပြောင်းလဲ တပ်ဆင်ပြီး ၂၄ နာရီ စောင့်ကြည့် နေပါတယ်။ စေတီတော် အတွင်းက အနုပညာ လက်ရာ စဥ့်ကွက်တွေ၊ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေ၊ ရုပ်ပွားတော်၊ ဆင်းတုတော် တွေကို ခိုးယူခံရမှု မရှိအောင် လူအစောင့် အရှောက်အပြင် လုံခြုံရေး ကင်မရာ တွေကိုလဲ တိုးမြှင့် တပ်ဆင်ထား ပါတယ်'' ဟု အာနန္ဒာ စေတီတော်ကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အာနန္ဒာ စေတီတော်မြတ် ကြီးတွင် စေတီရံအဆူ ၁ဝဝဝဝ၊ စေတီတော်ကြီး အတွင်း၌ မုခ်ပေါင်း ၁ဝဝဝ ရှိပြီး စေတီအတွင်း ပတ်လမ်း သုံးထပ်ရှိကာ အတွင်းဆုံး ပတ်လမ်းမှာ ရှေးယခင်က ရဟန်းသံဃာများ ဖူးမြော် ကြည်ညိုရာ နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဒုတိယ ပတ်လမ်းကို မင်း၊ မိဖုရားနှင့် မှူးမတ်များ ဖူးမြော် ကြည်ညိုခွင့် ရှိပြီး အပြင်ဘက်ဆုံး ပတ်လမ်းကို ပြည်သူ၊ ပြည်သားများ ဖူးမြော် ကြည်ညိုရန် နေရာအဖြစ် သတ်မှတ်ခဲ့ သည်ဟု သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment