Pages

Wednesday, February 24, 2016

နို့သောက်ပါဟု ဆိုသော်လည်း



နို့သောက်ပါဟု ဆိုသော်လည်း

ကြည်မြင့်လွင် (မုဒြာ)

ယခုတလော သတင်းစာများတွင် နို့နှင့် ပတ်သက်၍ တိုက်တွန်းေ သာ ကြေညာချက်များ ထည့်သွင်း လာသည်ကို နေ့စဉ် တွေ့နေရသည်။ 'နွားနို့တိုက်ပါ' ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေဖို့၊ ကျန်းမာသန်စွမ်း စေဖို့၊ ဉာဏ်ရည် ဉာဏ်သွေး ကောင်းစေဖို့၊ အသားအရေ လှပစေဖို့ ကျောင်းနေအရွယ် သင့်ကလေးကို နွားနို့တိုက်ပါစို့။

နို့ အမျိုးမျိုးတွင် နွားနို့သည် သောက်သုံးမှု အများဆုံး ဖြစ်သည်။ အိန္ဒိယ နိုင်ငံသားများ သည် နွားနို့ သောက် သုံးမှု အများဆုံး ဖြစ်သည်။ နွားနို့အပြင် ကျွဲနို့၊ ဆိတ်နို့၊ သိုးနို့၊ မြင်းနို့၊ ကုလားအုတ်နို့၊ ဆင်နို့၊ လူနို့ စသည့် သောက်သုံး နိုင်သည့် နို့အမျိုး များစွာရှိသည်။

နွားနို့သည် အသုံးအများဆုံး၊ ဝယ်ယူရ အလွယ်ကူဆုံး ဖြစ်သဖြင့် နွားနို့ တိုက်ပါဟု ဆိုခြင်းဖြစ်မည် ထင်သည်။ သို့သော် နွားနို့ကို မည်ကဲ့သို့ တိုက်ရမည်နည်း၊ အစိမ်းအတိုင်း လော၊ ကျက်ပြီးသော နို့ကို တိုက်ရမည်လော သေချာစွာ ညွှန်ကြားရန် လိုအပ်မည် ထင်သည်။

ယောအတွင်းဝန် ဦးဖိုးလှိုင် ၏ ဥတုဘောဇန သင်္ဂဟကျမ်း တွင်

နို့ကျက်၊ နို့စိမ်း။ ။ နို့၏ လေးပုံတစ်ပုံ၊ နို့၏ ထက်ဝက်၊ နို့၏ အဆတူ ဝမ်းမီးကို လိုက်၍ ဝမ်းမီးညံ့လျှင် ရေများများ ထည့်၍ချက်၊ ရေကုန်ပြီးလျှင် နို့သက်သက် ကျန်အောင်ချက်၊ ကျက်ပြီးသော ပူပူနွေးနွေး ဖြစ်သည့် သိုးနို့သည် လူနှင့်သင့်၏။ ကျက်ပြီးသော အေးသော ဆိတ်နို့သည် လူနှင့်သင့်၏။

မကျက်သော နို့စိမ်းသည် အကြောတို့ကို လေးစေ တတ်၏။ ကြေခဲ၏။ သလိပ်ကို ပွားစေတတ်၏။ (နွားနို့နှင့် ကျွဲနို့မှ တစ်ပါး မကျက်သော အခြားနို့ကို မသောက်ကောင်း) လူနို့ကိုမူကား ချက်၍ မသောက်ကောင်း။ အစိမ်း အတိုင်းသာ သောက်ကောင်းသည်။ ကျက်သော နို့ပူပူနွေးနွေး သည် လေ၊ သလိပ်ကိုနိုင်၏။ ကျက်ပြီး အေးသောနို့သည် အစဉ်အတိုင်း ကျက်သမျှ ကြေခဲ၏။ အဆီသြဇာ များ၏။ သုက်၊ အားတို့ကို ပွားစေတတ်၏။

သိုးဆောင်း ဆေးကျမ်းတို့ ၌ကား ရေနှင့်ချက်၍ ကျက်ပြီးသော နို့၏ မလိုင်ကိုလည်း နုတ်ပယ်၍ ပေးရမည်ဟု ဆိုသည်။

ရာဇဝလ္လဘ၊ ဒဗ္ဗဂုဏပကာသ ဆေးကျမ်း တို့၌ကား လူနို့မှတစ်ပါး မကျက်သော၊ အစိမ်းဖြစ်သော နို့မျိုးဟူ သမျှ ရှောင်ကြဉ်ရ မည်ဟု ဆို၏။

ကပ္ပဒုမ အဘိဓာန် ၌ နို့မျိုးမည်သည် အဆီရှိ၏။ အေး၏။ ကြေခဲ၏။ အမြဲမပြတ် အခါခပ်သိမ်း မသုံးဆောင်အပ်၊ တောက်သော ဝမ်းမီးကို နုံ့စေတတ်၏။ နုံ့သော ဝမ်းမီးကို ပျက်စေတတ်၏ ဟု ဆို၏။

မလိုင်။ ။ မလိုင်သည် ကြေခဲ၏။ အေး၏။ သုက်ကို ပွားစေတတ်၏။ ဝစေတတ်၏။ အဆီသြဇာ ရှိ၏။ အားကိုဖြစ်စေ တတ်၏။ သလိပ်ကို ပျက်စေတတ်၏။ သွေး၊ သည်းခြေ၊ လေတို့ကို နိုင်၏။

ရာဇဝလ္လဘကျမ်း၌ကား နံနက်စောစော နို့သောက် ခြင်းသည် ဝမ်းချုပ်၏။ ကြေခဲ၏။ ထို့ကြောင့် နေထွက် ပြီး နောက် တစ်ပဟိုရ် ဖြစ်စေ၊ ပဟိုရ်၏ တစ်ဝက်ဖြစ်စေ လွန်ပြီးမှ ညှစ်သောက် အပ်၏။ ထိုနို့သည် လူနှင့်သင့်၏။ ကြေလွယ်၏ ဟု ဆိုသည်။

နို့ရည်မျိုး ဟူသမျှသည် သေအရက်မျိုး၊ အချဉ်မျိုး၊ ပဲမျိုး၊ ဟင်းသီး ဟင်းရွက်မျိုး၊ ငါးမျိုး၊ နွားမျိုး၊ ကြက်၊ ငှက် စသည်တို့၏ ဥမျိုး၊ နှမ်းဖတ်၊ နှမ်းမုန့်မျိုး တို့တွင် ရှေ့နောက် အနီးအစပ် မစားမသောက် ကောင်း၊ ဆန့်ကျင်ဘက် ဖြစ်ကြ၏။ မုယော၊ သိန္နောဆား၊ မတ်ပဲ၊ မှိုနတို၊ ချေသား၊ ဒေါင်းသား တို့သည် နွားနို့နှင့် ဆန့်ကျင်ဘက် မဖြစ်။

(ဥတုဘောဇနသင်္ဂဟကျမ်း နို့မျိုးတို့၏ဂုဏ်ကို ပြဆိုခြင်းမှ)

ရတနာပုံနေ့စဉ် ၊ (၅)

No comments:

Post a Comment