Pages

Friday, February 26, 2016

နိုင်ငံခြားခရီးသွားဧည့်သည်များ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြည်တွင်းတွင် အပျော်စီးသင်္ဘောများဖြင့် လည်ပတ်ခြင်း ခရီးစဉ် စိတ်ဝင်စားမှုများလာ



ရန်ကုန် ၊ ၂၆-၂-၂၀၁၆

ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် ပြည်တွင်းသွား အပျော်စီး သင်္ဘောများဖြင့် လည်ပတ်ခြင်း ခရီးစဉ်ကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စားမှု များလာကြောင်း ပြည်တွင်း ခရီးသွား ကုမ္ပဏီများမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ကြီးကြပ်၍ ကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက် မှုဖြင့် ဗြိတိန်၊ ဂျာမနီ၊ ဂျော်ဂျီယာနှင့် သြစတြေးလျ နိုင်ငံသားများ အများဆုံး လာရောက် လည်ပတ် ကြသည့် မန္တလေး၊ မုံရွာ၊ ဖိုလ်ဝင်တောင်၊ မုံရွာ- ရွှေစာရေး- ကနီ- ကြည်တောင်ဦး- ကလေးဝ- ဂဇက်ရွာ- မစိန်ရွာ- မော်လိုက်- ပျားစွဲဆင်စခန်း ခရီးစဉ်များကို RV Kalay Pandaw ရေယာဉ်ဖြင့် လည်ပတ် ကြကြောင်း သိရသည်။

''ချင်းတွင်းမြစ်က သွားလာရ ခက်ခဲပါတယ်။ ဒါကြောင့် မြစ်ရေတိုးတဲ့ ကာလမှာပဲ သွားဖို့ စီစဉ်ထားပါတယ်။ လမ်းခရီး တစ်လျှောက်လုံးက အပန်းဖြေလို့ ကောင်းအောင် စိတ်ဝင်စားစရာ တွေများလို့ ချင်းတွင်းမြစ် ကို ရွေးချယ်တာပါ။ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ဆိုရင်လည်း ၁ဝ ရက်ခရီး လောက် ကြာတော့ နိုင်ငံခြားသား တွေက ပိုပြီး စိတ်ဝင်စား ကြတယ်'' ဟု North ခရီးသွား ကုမ္ပဏီမှ ကိုဖုန်းနေလင်း က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့ မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံနှင့် ဗန်းမော် စသည့် ဒေသတို့သို့ အပျော်စီး သင်္ဘော ခရီးစဉ်များဖြင့် သွားရောက် လည်ပတ်ခြင်းကို အထူး စိတ်ဝင်စား ကြသည်။ မြစ်ကြောင်း တစ်လျှောက် နေထိုင်ကြသော ဒေသခံများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ သဘာဝ ရှုခင်းများ၊ ရိုးရာဓလေ့ စရိုက်နှင့် နေထိုင်မှုပုံစံ တို့ကို စိတ်ဝင်တစား လေ့လာကြောင်း သိရသည်။

ယခုနှစ်တွင် အပျော်စီးသင်္ဘော စီးနင်း၍ လာရောက် လည်ပတ်သော နိုင်ငံခြားခရီးသွား ဧည့်သည်များမှာ ခန့်မှန်းထား သည်ထက် ပိုမိုဝင်ရောက် လာနိုင်ကြောင်း ခရီးသွား လုပ်ငန်းများက ခန့်မှန်းထားသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အပျော်စီး သင်္ဘောခရီးစဉ်များ စီစဉ်ပြေးဆွဲ ပေးနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ ၏ သုံးစင်းမြောက် သင်္ဘောသစ် ဖြစ်သော Princess Royal အပျော်စီး သင်္ဘောမှာ မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ် နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ် များအား ပြေးဆွဲပေးလျက် ရှိသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment