Pages

Friday, February 26, 2016

နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး အခမဲ့ကုသပေးရန် စီစဉ်


ရန်ကုန် ၊ ၂၆-၂-၂၀၁၆

လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ နိုင်ငံ့ဝန်ထမ်း များအား အထူး အစီအစဉ် တစ်ရပ် အနေဖြင့် ကျန်းမာရေး အခမဲ့ ကုသပေးရန် စီစဉ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

''ဘယ်နေ့ ဘယ်ရက်မှာ အစီအစဉ် စတင်မယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက် တော့ မသိရသေး ပေမယ့် အစိုးရဝန်ထမ်း အားလုံးကို ကျန်းမာရေး ဝန်ဆောင်မှု အခမဲ့ကုသ ပေးဖို့စီစဉ် နေပါတယ်။ လောလောဆယ် မှာတော့ နိုင်ငံပိုင် ဆေးရုံတွေမှာ ဘယ်သူမဆို အခမဲ့ကုသပေး နေတယ်'' ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခမဲ့ ကုသရာတွင် ဓာတ်ခွဲ စမ်းသပ်မှု အားလုံး အခမဲ့ ဆောင်ရွက် ပေးခြင်း၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေမှု များ၊ ရေရှည် သုံးစွဲမည့် ဆေးဝါးများအား စဉ်ဆက်မပြတ် ထုတ်ပေးခြင်း အပါအဝင် တခြားသော ဆေးဝါးများ အခမဲ့ပေးခြင်း၊ ခွဲစိတ်ကုသမှု အားလုံး အခမဲ့ ပြုလုပ်ပေးခြင်း၊ ဝန်ထမ်း အမျိုးသမီးများ မီးဖွားပေးခြင်း၊ အထူးကုသမှု များအဖြစ် မှန်ပြောင်း ထည့်ခြင်း၊ ကျောက်ကပ် ဆေးခြင်း၊ သွားနုတ်ခြင်းနှင့် သွားဖာခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ဆောင်ရွက်ချက် များကို ဗဟိုအဆင့် ပြည်သူ့ ဆေးရုံကြီး၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အဆင့် ပြည်သူ့ ဆေးရုံကြီး ၃၇ ရုံ၊ ခရိုင်ပြည်သူ့ ဆေးရုံ ၂၉ ရုံ၊ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၅၂ ရုံနှင့် တိုက်နယ် ဆေးရုံ ၅၅၂ ရုံ၌ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ ကုသပေးမည့် အစီအစဉ်တွင် တာဝန် ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ (ကိုယ်တိုင်)၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များနှင့် လွှတ်တော် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြောင်းသိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment