Pages

Friday, February 5, 2016

ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ ဆေးရုံ ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းမီးရှို့စက် မန္တလေးမြို့တွင် ပထမဆုံး တည်ဆောက်မည်


မန္တလေး ၊ ၅-၂-၂၀၁၆

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ ဆေးရုံ ဆေးခန်းများ မှ ရောဂါကုသရာတွင် အသုံးပြုပြီး စွန့်ပစ်သည့် အမှိုက်များကို မီးရှို့ဖျက်ဆီး ပေးနိုင်မည့် မီးရှို့စက် ကို ကိုရီးယားနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း၍ မန္တလေးမြို့၌ ပထမဆုံး တည်ဆောက် ပေးသွားမည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ဆေးရုံ၊ ဆေးခန်းများမှ ရောဂါ ကုသရာတွင် အသုံးပြုပြီး စွန့်ပစ်အမှိုက် များကို မီးရှို့ဖျက်ဆီး ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှုမှ ကင်းဝေးစေရန် အတွက် ရည်ရွယ် တည်ဆောက်မည် ဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ ကမ်းလှမ်း လာမှုကြောင့် ကျွမ်းကျင် ပညာရှင်များဖြင့် ပူးပေါင်း၍ ယခုနှစ်အတွင်း အပြီး တည်ဆောက် ပေးသွားမည်ဟု သိရသည်။

ယင်း ဆေးရုံ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်း မီးရှို့စက်ကို မန္တလေးမြို့တွင် ပထမဆုံး တည်ဆောက်ခြင်း ဖြစ်ကာ ကိုရီးယားနိုင်ငံထုတ် အမျိုးအစား ဖြစ်ကြောင်း သိရသည်။

''အခု တည်ဆောက်မယ့် မီးရှို့စက်က ကိုရီးယား နိုင်ငံက ပညာရှင်တွေ ကမ်းလှမ်းလာလို့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ က ပူးပေါင်း ဆောင်ရွက်သွားဖို့ စီစဉ် ခဲ့တာပါ။ ဒီနှစ်ထဲမှာပဲ အပြီးတည်ဆောက် ပေးသွားမှာပါ။ ဒီစက်က အပူချိန် အလွန်များ ပါတယ်။ ၁ဝဝဝ ဒီဂရီလောက်ထိ ရှိပါတယ်။ အပူချိန်  များတဲ့အတွက် ဘယ်ပစ္စည်းမျိုး မဆို ပြာအဖြစ်နဲ့ပဲ ပြန်ရနိုင်မှာ ဆိုတော့ ဆေးရုံ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်း တွေကို ဖျက်ဆီးတဲ့ အခါမှာ ရောဂါပိုး အားလုံး သေစေနိုင် ပါတယ်''ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ စွန့်ပစ်ပစ္စည်း မီးရှို့စက် သည် လေထု ညစ်ညမ်းမှု မရှိခြင်း၊ အများပြည်သူ အတွက် ဘေးထွက်ဆိုးကျိုး အန္တရာယ် မရှိခြင်း၊ ရောဂါပိုးမွှားများ ပျံ့နှံ့မှု မရှိစေခြင်းနှင့် အတူဆေး ရုံ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်း များဖြစ်သည့် ဆေးထိုးအပ်၊ ရောဂါ မျိုးစုံ ကုသပေးရာမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်း များနှင့် အခြားပစ္စည်း များကို အလွယ်တကူ စွန့်ပစ်ခြင်းများ ကြောင့် ပြည်သူ့ ကျန်းမာရေး ပြဿနာ လျော့နည်း ကျဆင်း လာနိုင်စေရန် အတွက် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းမီးရှို့စက် တည်ဆောက်မည့် နေရာကို သတ်မှတ်ရခြင်း မရှိသေး သော်လည်း မန္တလေးမြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၁၇၃)

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment