Pages

Thursday, February 25, 2016

တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသည့် မော်တော်ယာဉ်နံပါတ်ပြား တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်း များကို စိစစ် အရေးယူမည်


တရားဝင်သတ်မှတ်ထားခြင်း မရှိသော အက္ခရာဂဏန်းများ ရေးသားတပ်ဆင်ထားသည့် ယာဉ်တစ်စီးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၅-၂-၂၀၁၆

တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာဂဏန်းများ ရေးသား တပ်ဆင်၍ သွားလာနေသော ယာဉ်များနှင့် ရပ်နားထားသော ယာဉ်များအား စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင်၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တရားဝင် မှတ်ပုံတင် ထားသော မော်တော်ယာဉ် စီးရေ ၇၇၂၇၈၈ စီး၊ မော်တော် ဆိုင်ကယ် ၄၅၃၆၅၇ဝ စီး၊ သုံးဘီးဆိုင်ကယ် ၇၃၆၁၁ စီးအထိ ရှိနေပြီး ယခင်ကထက် မော်တော်ယာဉ် ပိုင်ဆိုင် အသုံးပြုခြင်း များပြားလာလျက် ရှိနေကြောင်း သိရသည်။

မော်တော်ယာဉ် များသည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားရှိပြီးမှသာ အများပြည်သူ ဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရှိကြောင်း၊ မော်တော်ယာဉ် များ မှတ်ပုံတင် ပေးခြင်း လုပ်ငန်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနကသာ ဆောင်ရွက်ပေးလျက် ရှိပြီး ယာဉ်အမျိုးအစား အလိုက်၊ လုပ်ငန်းအလိုက် တပ်ဆင်ရမည့် ယာဉ်နံပါတ် ပြားအရောင်၊ အက္ခရာဂဏန်း အရွယ်အစား၊ နံပါတ်ပြား အသုံးပြုသည့် ပစ္စည်းများ သတ်မှတ်၍ မူသေအမှတ် များကို ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် မော်တော်ယာဉ် နံပါတ်များနှင့် ပတ်သက်၍ ယာဉ်နံပါတ်ပြား ကို မထင်ရှားအောင် ပြုလုပ်ခြင်း၊ ယာဉ်နံပါတ်ပြား ကို ထင်ယောင် ထင်မှား ဖြစ်စေရန် ပြုလုပ်ခြင်း၊ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင် အသုံးပြုခြင်း များအား မည်သူမျှ မပြုလုပ်ရဟု တားမြစ်ပြဋ္ဌာန်း ထားသည်။

ယခုအခါ လမ်းများပေါ်တွင် မော်တော်ယာဉ် အချို့သည် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ် ထုတ်ပေး ထားသော ဖောင်းကြွ အက္ခရာ ဂဏန်းများ မဟုတ်သည့် နံပါတ်များ၊ ယာယီနံပါတ်များ၊ ကိုယ်ထည် နံပါတ်များ (ဥပမာ-ယာယီ- ANH 10/----,  ZE-2---- စသည်ဖြင့်) ရေးသား၍ တပ်ဆင်သွားလာ နေသည်ကို တွေ့ရှိရသည်။

မော်တော်ယာဉ် ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ အများပြည်သူ ဆိုင်ရာ နေရာတွင် မောင်းနှင်ခြင်း၊ ရပ်နားထားခြင်း များကို စိစစ်သွားမည် ဖြစ်ပြီး အဆိုပါ ယာဉ်များအား မောင်းနှင်သူများ၊ မောင်းနှင်ခွင့်ပြု သူများအား မော်တော်ယာဉ် ဥပဒေ၊ တည်ဆဲဥပဒေ များနှင့်အညီ တရားစွဲဆို အရေးယူ သွားမည် ဖြစ်သည့်အပြင် မော်တော်ယာဉ် ကိုလည်း သိမ်းဆည်းသွားမည် ဖြစ်၍ မှတ်ပုံတင်ထားခြင်း မရှိသည့် ယာဉ်များ၊ မမှန်မကန်သည့် ယာဉ်နံပါတ်များ တပ်ဆင်၍ မောင်းနှင် စီးနင်းခြင်း မပြုလုပ်ကြရန် အသိပေး တိုက်တွန်းနှိုးဆော် ထားကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မင်းလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment