Pages

Thursday, February 25, 2016

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါး ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူများကို အမြဲကာကွယ်နေ



ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် RCSS/ SSA-S အဖွဲ့နှင့် TNLA အဖွဲ့များ အကြား ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များတွင် တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူများကို ထိခိုက်မှု မရှိစေရေး အမြဲကာကွယ် နေကြောင်း ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ တတိယနေ့အဖြစ် ကျင်းပသည့် စတုတ္ထအကြိမ် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယမန်နေ့ ကျင်းပသည့် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ စတုတ္ထအကြိမ် အစည်းအဝေး တတိယနေ့ အပြီးတွင် အချက်သုံးချက် ပါသော ထုတ်ပြန်ချက် တစ်စောင် ကိုလည်း ထုတ်ပြန် နိုင်ခဲ့သည်။

အစည်းအဝေး အပြီး ညနေ ၅ နာရီခွဲတွင် MPC ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ JMC-U အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ''ဒီအစည်းအဝေး ကြီးမှာ ရှမ်းပြည်နယ်မှာ ဖြစ်ပွားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S) နဲ့တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား ထိတွေ့မှု ဖြစ်စဉ်တွေကို လည်း ကျွန်တော်တို့ အားလုံးအရှေ့ မှာပဲ ဆွေးနွေး ခဲ့တယ်။

နှစ်ဖက်အဖွဲ့ တွေဟာ တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်ကြပါတယ်။ တပ်မတော် အနေနဲ့တော့ ထိတွေ့မှု မရှိဘူး။ TNLA ကိုလည်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ပေးပြီး ဖြစ်ပါတယ်။ အဲဒီအဖွဲ့ အနေနဲ့လည်း ကိုယ့်နယ်မြေ မှာပဲ ဆောင်ရွက်သွားဖို့ လိုပါတယ်။ နယ်မြေတွေ ကျော်လွန်ပြီး လှုပ်ရှားသွားလာ တာနဲ့ ပတ်သက် ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေ ကိုလည်း ဆွေးနွေးဖြစ် ပါတယ်။ တပ်မတော် အနေနဲ့ ရှမ်းပြည်နယ် JMC-S အဖွဲ့ကို စာရွက်စာတမ်းနဲ့ အကြောင်းကြားစာ ပို့ခဲ့တယ်။ RCSS/SSA-S အဖွဲ့တွေ အနေနဲ့ နယ်မြေကျော်လွန် ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း နဲ့ သဘောတူ သတ်မှတ် ပေးထားတဲ့ နေရာကို ပြန်လည်ထွက်ခွာ ပေးဖို့ အချက်တွေ ပါရှိပြီး သက်ဆိုင်ရာ အဖွဲ့တွေကို လည်း စာပို့ခဲ့ ပါတယ်။ ဒီအပေါ်မှာ ယနေ့ နောက်ဆုံး သတင်းအရ RCSS/SSA-S အဖွဲ့တွေ အနေနဲ့ တိုက်ပွဲ ဖြစ်ပွားမှု အပြင်းထန်ဆုံး ကျောက်မဲမြို့နယ် တော့ဆန်ဒေသ ကနေ ထွက်သွားပေး ပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ ကလည်း ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်မှာ ပန်ဆင်ပြီး ပြည်သူတွေ ထိခိုက်အနာတရ မဖြစ်ဖို့ အမြဲ ကာကွယ်နေ သလို အခု ဖြစ်ပွားနေတဲ့ အဖွဲ့နှစ်ဖွဲ့ ကိုလည်း ကိုယ့်ဒေသ ကိုယ်ပြန်ပြီး ထွက်သွား စေလိုတဲ့ သဘောပဲ ရှိပါတယ်။ ရှမ်းပြည်နယ်မှာ JMC-S ဖွဲ့စည်းပြီးတဲ့ အချိန်ကနေ ယနေ့ထိ တပ်မတော်နဲ့ ကျန် လက်နက်ကိုင် အဖွဲ့တွေ ထိတွေ့မှု မရှိပါဘူး။ ငြိမ်းချမ်းစွာ ရှိနေပါတယ်။ ကော်မတီ အနေနဲ့လည်း တစ်လတစ်ကြိမ် အစည်းအဝေး တွေလုပ်ပါတယ်'' ဟု ပြောသည်။

JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးရ် က ''ဒီသုံးရက်တာ JMC-U အစည်းအဝေး ကြီးကနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် JMC-S တွေဖွဲ့ဖို့ ဆွေးနွေးနိုင်တယ်။ ဒီအပေါ် မှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ကြတယ်။ အဖွဲ့အစည်း အလိုက် လူပုဂ္ဂိုလ် တစ်ဦးချင်း အလိုက် အခြား အဖွဲ့အစည်း တစ်ခုခုက တိုက်ခိုက်လို့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီဆိုရင် JMC-S အဖွဲ့တွေ အနေနဲ့ အထူး စစ်ဆေးရေး အဖွဲ့တွေဖွဲ့ပြီး စစ်ဆေး ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူ သွားမှာပါ။ ဒါ့အပြင် JMC-U က နှစ်လတစ်ကြိမ် ကျင်းပတာ ဖြစ်လို့ ဒီကြားထဲမှာ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ရင် ဆောင်ရွက်နိုင်ဖို့ JMC-U အနေနဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေပါဝင်တဲ့ အလုပ်အဖွဲ့ ၁၂ ဦးကို လျာထားပြီး ဒီနေ့မှာ ၁ဝ ဦးကို ရွေးချယ် ဖွဲ့စည်းနိုင် ခဲ့ပါတယ်။ အခုနောက်ပိုင်း ကာလတွေမှာ မြေပြင်မှာရှိ နေတဲ့ တပ်ဖွဲ့တွေရဲ့ အောက်ခြေ အဆင့်တွေ အထိ ခေါင်းဆောင် အချင်းချင်း အထိ အတွေ့တွေ များလာတာ တွေ့ရတယ်။ ဒါဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် တစ်ခုပါ'' ဟု ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွက် JMC-S ရုံးအား ဖေဖော်ဝါရီ ၂၅ ရက်တွင် JMC-U မှ ဖွင့်လှစ်ပေး သွားမည်ဖြစ်ပြီး လာမည့် ဧပြီလတွင် မွန်ပြည်နယ် JMC-S ရုံးအား ထပ်မံဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment