Pages

Tuesday, February 23, 2016

မြစေတီကျောက်စာ (ရာဇကုမာရ် ကျောက်စာ) အား ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်




နေပြည်တော် ၊ ၂၃-၂-၂၀၁၆

မြန်မာနိုင်ငံမှ ကမ္ဘာ့ အမွေအနှစ် အဖြစ် တင်သွင်းထားသော မြစေတီ ကျောက်စာ ( ရာဇကုမာရ် ကျောက်စာ) အား ယူနက်စကို မှ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းတွင် ထည့်သွင်း ခံရကြောင်း သိရသည်။

မြစေတီ ကျောက်စာ ( ရာဇကုမာရ် ကျောက်စာ ) အား ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်က ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက အဆိုပြုပုံစံများ ရေးသား၍ ယူနက်စကိုသို့ တင်သွင်းခဲ့ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ အာရပ် စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီမြို့ ၌ကျင်းပသော ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်၊ အပြည်ပြည် ဆိုင်ရာ အကြံပေး ကော်မတီ၏ (၁၂) ကြိမ်မြောက် အစည်းအဝေး တွင် ၂ဝ၁၅ ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် လျှောက်ထားမှု ပေါင်း ၈၈ ခုအနက်မှ မြန်မာနိုင်ငံမှ မြစေတီ ကျောက်စာသည် ယူနက်စကို ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ်ခံ ရခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယခုအခါ Memory of the World အစီအစဉ်များ ပေးအပ်သော ယူနက်စကို ညွှန်ကြားရေးမှူးချုပ် က လက်မှတ်ရေးထိုး ထားသည့် ပုဂံမြို့ရှိ မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ကို Memory of the World စာရင်းသို့ ထည့်သွင်း ခဲ့ကြောင်း၊ ယူနက်စကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ဆက်သွယ်ရေးနှင့် သတင်းဌာနမှ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ထံသို့ အသိအမှတ် ပြုလွှာကို ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

အဆိုပါ မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) သည် သက္ကရာဇ် (၄၇၅) အေဒီ ၁၁၁၃ ခုတွင် ဘာသာ လေးမျိုးဖြင့် ရေးထိုးထားပြီး မြန်မာ့သမိုင်း ၊ မြန်မာ့ ယဉ်ကျေးမှု ၊ မြန်မာစာပေ လောကတွင် အထူးထင်ရှား အရေးပါသော ကျောက်စာဖြစ်သည်။ ထိုကျောက်စာ လေးမျက်နှာတွင် မြန်မာ၊ ပျူ ၊ မွန် ၊ ပါဠိဟူ၍ လေးဘာသာ အက္ခရာစာများ ပါရှိသည်။ မြစေတီကျောက်စာ ကို ပုဂံမြို့တောင်ဘက် မြင်းကပါရွာ အနီး မြစေတီ ဘုရားရင်ပြင် တော်ပေါ်တွင် ကျောက်စာရုံ တည်ဆောက် ထိန်းသိမ်းပြသ ထားကြောင်း သိရသည်။

လင်းကြည်လင်း၊ ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment