Pages

Monday, January 11, 2016

ရန်ကုန်မြစ်တွင်း၌ Yangon Rhythm Cruise အပျော်စီးသင်္ဘော ခရီးစဉ်သစ် ထပ်မံတိုးချဲ့ပြေးဆွဲ



ရန်ကုန် ၊ ၁၁-၁-၂ဝ၁၆

ရန်ကုန်တိုင်း ဒေသကြီးရှိ ရန်ကုန်မြစ်တွင်း ၌ Yangon Rhythm Cruise အမည်ရှိ အပျော်စီးသင်္ဘော ခရီးစဉ်သစ်ကို ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ထပ်မံတိုးချဲ့ ပြေးဆွဲပေး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီး သင်္ဘောခရီးစဉ်ကို ပိတ်ရက်မရှိ ပြေးဆွဲပေးနေပြီး နေ့စဉ် နံနက် ၈ နာရီနှင့် ညနေ ၄ နာရီတို့တွင် ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ထွက်ခွာကာ ခရီးစဉ် တစ်ကြောင်းလျှင် တစ်နာရီကျော် အချိန် ကြာမြင့်ကြောင်း သိရသည်။

ယင်း ခရီးစဉ်တွင် ရန်ကုန်မြို့၏ နံနက်ခင်း အလှ၊ နေဝင်ဆည်းဆာ ရှုခင်း၊ ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အအုံ များနှင့် ခေတ်မီ အဆောက်အအုံ များကို မြစ်အတွင်းမှ ကြည့်ရှုခံစား နိုင်စေရန် မြစ်ရေပြင်ကျယ် နေရာများ၌ လှည့်ပတ် မောင်းနှင်ပြီးနောက် ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ် ပေးကြောင်း သိရသည်။

ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ် များတွင် ယခင်က နိုင်ငံခြား ခရီးသွား ဧည့်သည်များသာ လိုက်ပါစီးနင်းလေ့ ရှိသော်လည်း ယခုပွင့်လင်း ရာသီတွင် ပြည်တွင်းမှ အပန်းဖြေလိုသူ များလည်း စီးနင်းမှုနှုန်း တိုးမြင့်လာသည့် အတွက် ယခုကဲ့သို့ ခရီးစဉ်သစ် တစ်ခု ထပ်မံတိုးချဲ့ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

Yangon Rhythm Cruise သင်္ဘော ခရီးစဉ်သစ်တွင် အပန်းဖြေ လိုက်ပါစီးနင်း လိုပါက နိုင်ငံခြား ခရီးသွားဧည့်သည် တစ်ဦးလျှင် အမေရိကန် ၁ဝ ဒေါ်လာနှင့် နိုင်ငံသား တစ်ဦးလျှင် မြန်မာငွေ ကျပ် ၆ဝဝဝ နှုန်း သတ်မှတ် ထားပြီး သင်္ဘောပေါ်၌ အအေး၊ မုန့်နှင့် ရေသန့်တို့ကို အခမဲ့ သုံးဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧည့်ခံပွဲများ ဖြစ်သည့် Wedding ၊ Dinner ၊ Birthday Party ၊ Gathering ၊ Company Annual ၊ Signing Ceremony စသည်ဖြင့် သီးသန့်စင်းလုံးငှား ခရီးစဉ် များကိုလည်း သင့်တင့်မျှတသော နှုန်းထားများဖြင့် လက်ခံဆောင်ရွက် ပေးနေပြီး ထိုဧည့်ခံပွဲများ အတွက် အစားအသောက် အမျိုးအစားပေါင်း ၃ဝ ကျော်အထိ စီစဉ်ဆောင်ရွက် ပေးနိုင်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment