Pages

Monday, January 11, 2016

ဟောင်ကောင်စာရေးဆရာ များကို ပြန်ပေးဆွဲခဲ့သည့် တရုတ်အေးဂျင့်များ




( ရှိန်းထက် )

ဟောင်ကောင်ကျွန်း သည် တရုတ်ပြည်မ ကြီးမှ လွတ်လပ်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှတို့က ဟောင်ကောင် ကျွန်းကို လွတ်လပ်ရေး ပေးခဲ့သည်။ တရုတ်တို့ ဝင်ရောက် စွက်ဖက်ခွင့် မရှိသော သဘော တူညီချက်များဖြင့် အင်္ဂလိပ်တို့က ဟောင်ကောင် ကို လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အစတွင် ဟုတ်မလိုလို နှင့် အချိန်ကြာ လာသည်နှင့် အမျှ ဟောင်ကောင် အပေါ် တရုတ်တို့၏ အတွင်း၌ ဖုံးအုပ်ထားသော စိတ်သန္တာန်များက ပေါ်လာခဲ့သည်။ ဟောင်ကောင်ကို ကြီးစိုးချင် လာသည်။ လွှမ်းမိုးချင် လာခဲ့သည်။ ဟောင်ကောင် သည် တရုတ်ပြည်ထဲမှ နိုင်ငံခြား တိုင်းပြည် တစ်ပြည်ကဲ့သို့ ဖြစ်နေ သောကြောင့် ဖြစ်သည်။ တရုတ်၌ မရရှိသောအရာများ ဟောင်ကောင်၌ ရသည်။

ပြည်မကြီး၌ ကွန်မြူနစ် အစိုးရကို ဝေဖန်ရန် မဆိုထားနှင့် ဆန့်ကျင် စကားပင် ရဲရဲမဟရဲ ကြသည့်အချိန်တွင် ဟောင်ကောင် ၌ ဆန့်ကျင်ရုံ သာမက ကွန်မြူနစ်ပါတီ ကိုပင် ဝေဖန်ရေး ဆောင်းပါးများ ရေးသားကြသည်။ စာအုပ်များ ထုတ်ဝေသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် အထိပင် ဟောင်ကောင် စာရေးဆရာ များ၏ ဝေဖန်မှုများက ရောက်ရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာလှည့် တရုတ် ခရီးသည် များသည် ဟောင်ကောင်သို့ ရောက်တိုင်း ပြည်မကြီး၌ မရရှိသည့် ကွန်မြူနစ်ပါတီ အပေါ် ဝေဖန်ရေး ဆောင်းပါးများနှင့် စာအုပ်များ ကို အငမ်းမရ ဝယ်ယူကြသည်။

ထို့ကြောင့်လည်း ဟောင်ကောင်သည် ကမ္ဘာလှည့် တရုတ်ခရီးသည် များကြားတွင် ရေပန်းစား နေခဲ့သည်။ တရုတ် စတော့ရှယ်ယာ ဈေးကွက် ကျဆင်းတော့လည်း ဟောင်ကောင်က နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ချိန်ထိုး ဝေဖန်သည်။ အနာဂတ်တွင် တရုတ် စီးပွားရေး ကျဆင်းမည်၊ ရပ်နေမည် စသည်ဖြင့် တရုတ်ကွန်မြူနစ် အစိုးရတို့က နိုင်ငံတွင်း၌ ရေးသား ဖော်ပြခွင့် မရသည့် သတင်းများကို ဟောင်ကောင် စာရေးဆရာ တို့က သတင်း စာမျက်နှာ များတွင် ရေးသားရုံ သာမက စာအုပ်များပင် ရေးသားထုတ်ဝေ ခဲ့ကြသည်။

ထို့ကြောင့် တရုတ်တို့၏ အမျက်ဒေါသ သည် ဟောင်ကောင်သို့ အရှိန်အဟုန် ပြင်းစွာ ဝင်ရောက်လာသည်။ ပထမဆုံး မည်သည့် စာရေးဆရာက တရုတ်ပြည် ကွန်မြူနစ် အစိုးရကို ဝေဖန်ရေးသား သည်၊ မည်သည့် စာအုပ်တိုက်က ထုတ်ဝေသည်ကို စုံစမ်းသည်။ ထို့နောက် တရုတ်တို့၏ စာရေးဆရာ နှင့် ထုတ်ဝေသူ စစ်ဆင်ရေး များက ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရောက်ရှိ လာခဲ့တော့သည်။

ပထမဆုံး Mighty Current စာအုပ်တိုက်၏ ထုတ်ဝေသူ ပိုင်ရှင် ဂူမင်ဟိုင် ထိုင်းနိုင်ငံသို့ အပန်းဖြေခရီး သွားရောက်ပြီး ပြန်အလာတွင် ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။ လူပြန်ရောက် မလာသော်လည်း သူ၏ လက်ရေးမူနှင့် ရေးသားထားသော စာများကတော့ သူ့ဇနီးနှင့် စာအုပ်တိုက်ဆီ သို့ ရောက်ရှိ နေခဲ့သည်။ သူ အစစအရာရာ အဆင်ပြေ ကြောင်းနှင့် ကျန်းကျန်းမာမာ ရှိနေကြောင်း စာများဖြစ်သည်။

ထို့နောက် သူ၏ လုပ်ဖော်ကိုင်ဖက် ထုတ်ဝေသူသုံးဦး အပန်းဖြေခရီး ထွက်သွားရာမှ ပင် ပျောက်သွားခဲ့ ပြန်သည်။ နောက်ဆုံး ပျောက်သွားသူ ကတော့ ထုတ်ဝေသူ လီဘို ဖြစ်သည်။ ဒီဇင်ဘာ ၃ဝ ရက်တွင် တရုတ်ပြည်မကြီး မှအပြန် ပျောက်ဆုံး သွားခြင်းဖြစ်သည်။ ယခုအချိန်ထိ လီဘို ၏ စာများက သူ့မိသားစုထံ ရောက်ရှိ လာသော်လည်း လီဘို ကတော့ အိမ်ကို ရောက်ရှိ လာခဲ့ခြင်း မရှိသေးပေ။ ပေးပို့သည့် စာများကလည်း နိုင်ငံခြား တိုင်းပြည်များမှ ရောက်လာသော စာများသာ ဖြစ်နေသည်။

ထို့ကြောင့် ထူးဆန်းစွာ ပျောက်ဆုံးသွားသော စာရေးဆရာနှင့် ထုတ်ဝေသူ ငါးဦး ပြဿနာသည် ဟောင်ကောင်၌ တရုတ်ပြည် ဆန့်ကျင်ရေး၏ အဓိက အကြောင်းပြချက် တစ်ရပ် ဖြစ်လာသည်။ ထုတ်ဝေသူများ မပျောက်ဆုံးမီ အချိန်တွင် ကမ္ဘာလှည့် ခရီးသွားများ လည်းမဟုတ်၊ ဒေသခံများလည်း မဟုတ်သည့် ပြည်မကြီးမှ တရုတ် အေးဂျင့်များသည် စာအုပ်ဆိုင်သို့ ရောက်လာခဲ့သည်။

ထို့နောက် မကြာမီမှာပင် ထုတ်ဝေသူများ နှင့် စာရေးဆရာများ တစ်ဦးပြီးတစ်ဦး ပျောက်ဆုံးသွားသည်။ ထို့ကြောင့် ပေကျင်း၌ ဟောင်ကောင် ပြည်သူများက ဆန္ဒပြခဲ့ ကြသည်။ ယခုအချိန် ထိလည်း တရုတ် ဆန့်ကျင်ရေး များ လုပ်နေကြဆဲ ဖြစ်သည်။ သတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ထုတ်ဝေသူများ နှင့် ဒီမိုကရေစီ ဘက်တော်သားများ ကပါ ထုတ်ဝေသူများနှင့် စာရေးဆရာများ ပျောက်ဆုံးမှု အတွက် တရုတ်ပြည် ကွန်မြူနစ် အစိုးရကို စွပ်စွဲခဲ့ကြသည်။ သို့သော်လည်း ပေကျင်းကတော့ ယခုအချိန်ထိ တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ချက်သား ကောင်းနေသည်။ သူတို့ ဘက်က ငြင်းလဲမငြင်း၊ ဝန်လည်းမခံဘဲ သူနှင့်မဆိုင်သလို နေသည်။

သို့သော်လည်း ၁၉၉၄ ခုနှစ် ကတည်းက ဖွင့်ခဲ့ပြီး ဝေဖန်ရေး စာအုပ်များနှင့် ကွန်မြူနစ် အစိုးရကို အသားပေးရေးသား ထုတ်ဝေသော ထုတ်ဝေသူများ ပျောက်ဆုံးခြင်းသည် တရုတ်နှင့်လုံးဝ ပတ်သက်နေသည် ဟု လူတိုင်းက ယူဆကြသည်။ ထို့ကြောင့် ပေကျင်း ကို တရားခံရှာကြ တော့သည်။ Mighty Current စာအုပ်တိုက်သည် The Collapse of Ji Jinping in 2017 ၂ဝ၁၇ ခုနှစ် ရှီကျင့်ဖျင် ၏ ကျဆုံးချိန်ဟု အမည်ပေး ထားသည့် စာအုပ်များကိုပင် ရေးသား ထုတ်ဝေသည့် စာအုပ်တိုက် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် တရုတ် စတော့ရှယ်ယာ ဈေးများ ထိုးကျသည်။ ထိန်းမနိုင် သိမ်းမရ ကျဆင်းနေသော တရုတ် စတော့ရှယ်ယာ ဈေးသည် ၂ဝ၁၆ ခုနှစ်ထဲကိုပင် အမွေဆက်ခံသူ အဖြစ် ရောက်လာသည်။ ဇန်နဝါရီ ပထမပတ်ထဲမှာပင် တရုတ် ရှယ်ယာဈေး အဆမတန် ကျဆင်းမှုကြောင့် နှစ်ကြိမ်ပိတ်လိုက် ရသည်။ ထို့ပြင် တစ်ကမ္ဘာလုံး စတော့ရှယ်ယာ ဈေးလည်း တရုတ် စတော့ရှယ်ယာဈေး ကျဆင်းမှုကြောင့် ထပ်ကျပြန်သည်။ ထို့ကြောင့် စီးပွားရေး ကျဆင်းနေသော အချိန်တွင် အရှိုက်ထိုးခံ လိုက်ရသော ရှီကျင့်ဖျင် ၏ ဒေါသသည် အနာပေါ်တုတ်ကျ သလို ဖြစ်သွားခဲ့သည်။

တစ်ဖန် အင်တာနက်ပင် လွတ်လပ်စွာ သုံးခွင့်မရှိဘဲ နောက်ဆုံး ဖေ့ဘွတ်ပင် မသုံးရသည့် တရုတ်၌ ဟောင်ကောင်က အနီးစပ်ဆုံး တရုတ် ဆန့်ကျင်ရေး များကို လုပ်နေသည်။ ကွန်မြူနစ် ဝေဖန်ရေးများကို လုပ်နေသည်။ တရုတ်ပြည်မကြီး ရှိ ပြည်သူများကို ဟောင်ကောင် က ဆွယ်တရားများ ဟောနေသလို ဖြစ်နေသည်။ ထို့ကြောင့် ကွန်မြူနစ် ဝေဖန်ရေးများပင် ယခင် မထွက်ဖူး ခဲ့သေးသည့် တရုတ်၌ စီးပွားရေး ကျဆင်းနေသည့် ဂယက်နှင့် တရုတ်ပြည်သူ များ၏ ဝေဖန်မှုများကို ရှီကျင့်ဖျင် လက်ခံရရှိနိုင်သည်။

ထို့ကြောင့် ဟောင်ကောင်၏ အကျော်ကြားဆုံး တရုတ်ပြည် ဝေဖန်ရေး စာရေးဆရာများနှင့် ထုတ်ဝေသူ များသည် ရှီကျင့်ဖျင်၏ သားကောင် ဖြစ်တော့သည်။ တစ်ဖန် တရုတ်ကလည်း ဟောင်ကောင်ကို သူ့ပိုင်နက် နယ်မြေဟု နောက်ပိုင်း လူသိရှင်ကြား ကျယ်ကျယ် လောင်လောင် ပြောလာသည်။ ၁၉၉၇ ခုနှစ် သဘော တူညီချက်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေသည်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဟောင်ကောင် ကိုလာစဉ်ကပင် တရုတ်၏ ဟောင်ကောင်ကျွန်း အပေါ် ဝင်ရောက်စွက်ဖက်မှု များကို သတိပေးခဲ့ပြီး ၁၉၉၇ ခုနှစ် သဘော တူညီချက်ကို လိုက်နာရန်လည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။ သို့သော်လည်း တရုတ်တို့က ဟောင်ကောင်ကို သူ့ပိုင်နက်၊ သူ့ အချုပ်အခြာ ဟု ဆိုနေသည်။

ထို့ကြောင့် အကျိုးအကြောင်း အမျိုးမျိုး နှင့် အရာအားလုံးသည် ဟောင်ကောင် စာရေးဆရာများနှင့် ထုတ်ဝေသူများ ပျောက်ဆုံးမှုနှင့် သွားရောက် တိုက်ဆိုင်နေ သောကြောင့် နောက်ဆုံး တရားခံသည် ပေကျင်းသာ ဖြစ်သည်ဟု ဟောင်ကောင်ကျွန်း ကသာမက နိုင်ငံတကာ မီဒီယာများကပါ ဝေဖန် နေကြကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment