Pages

Friday, January 22, 2016

CNG ဆလင်ဒါအိုးများ စစ်ဆေးရန် Ultrasonic စက်များ ပြည်တွင်းသို့ရောက်ရှိ



ရန်ကုန် ၊ ၂၂-၁-၂၀၁၆

မော်တော်ယာဉ် များတွင် တပ်ဆင် အသုံးပြုနေသော CNG ဆလင်ဒါအိုး များကို ကြံ့ခိုင်မှု စစ်ဆေးနိုင်ရန် အမေရိကန် နည်းပညာသုံး Ultrasonic စက်မှာ ပြည်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန မှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းရန် ဆလင်ဒါအိုး အရည်အသွေး စစ်ဆေးမှုများကို အဆင့်မြှင့်တင် နေခြင်း ဖြစ်ကြောင်း၊ အသစ် ရောက်ရှိသည့် စက်မှာ တစ်ရက်လျှင် ဆလင်ဒါအိုး အလုံး ၁၅ဝ စစ်ဆေးနိုင်သည့် အမေရိကန် နည်းပညာသုံး စက်ဖြစ်ပြီး စစ်ဆေးရာတွင် ပြည်တွင်း၌ တပ်ဆင် အသုံးပြုလျက် ရှိသော CNG ဆလင်ဒါအိုး များကို နှစ်သတ်မှတ်ချက် အလိုက် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များတွင် Hydro Test ဖြင့် စစ်ဆေးပြီးသော သုံးနှစ်ပြည့် ဆလင်ဒါအိုး များမှာ အဆိုပါစက်ဖြင့် စစ်ဆေးမှုခံယူ ရမည်ဖြစ်သည့် အတွက် အမေရိကန်နိုင်ငံမှ မှာယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း Ultrasonic စက်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်းခန့် ရှိကြောင်း သိရသည်။

'' Hydro Test နဲ့စစ်တာက ပထမအကြိမ် တုန်းက စစ်တာပေါ့။ အဲဒါစစ်ပြီးလို့ သုံးနှစ် ပြည့်တဲ့ အိုးတွေကိုတော့ အခုရောက်လာတဲ့ စက်နဲ့ ပြန်စစ်ရမှာပါ။ အဲဒီလို စစ်ဆေး တာကိုလည်း အသစ်ပြောင်းမယ့် စက်ရုံမှာပဲ စပြီး အသုံးပြု သွားမှာပါ။ ဇွန်လပိုင်းမှာ ဆိုရင် သုံးနှစ်ပြည့်မယ့် အိုးတွေ အများကြီး ရှိနေပါတယ်'' ဟု စွမ်းအင် ဝန်ကြီးဌာန CNG ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး CNG ဌာနခွဲသည် ဇွန်လတွင် ရွာမသို့ ပြောင်းရွှေ့မည် ဖြစ်ပြီး စက်အသစ် ကိုလည်း အဆိုပါ စက်ရုံအသစ်၌ စတင်အသုံးပြု သွားမည် ဖြစ်ကြောင်း၊ စစ်ဆေးမှု ခံယူမည့် သူများမှာလည်း ရွာမသို့ လာရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် Hydro Test စက်ဖြင့် စစ်ဆေးသည့် ဆလင်ဒါအိုး ၅၅ဝဝဝ ကျော်ထဲမှ အိုးအလုံးရေ ၁၇ဝဝ ကျော်မှာ စစ်ဆေးမှု ကျရှုံး၍ ပယ်ဖျက်ခဲ့ ရကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment