Pages

Thursday, January 21, 2016

စက်ရုပ်များနှင့် မှတ်ဉာဏ်တုနည်းပညာ များကြောင့် လေးနှစ်အတွင်း လူဦးရေငါးသန်းခန့် အလုပ်လက်မဲ့ ဖြစ်ဖွယ်ရှိ



ဆွစ်ဇာလန် ၊ ၂၁-၁-၂၀၁၆

စက်ရုပ်များနှင့် မှတ်ဉာဏ်တု နည်းပညာများ လက်တွေ့အသုံးချ နိုင်သည့် အခြေအနေ ရောက် လာခြင်းကြောင့် လာမည့် လေးနှစ်အတွင်း လူဦးရေ ငါးသန်းခန့် အလုပ်လက်မဲ့ ဖြစ်ဖွယ်ရှိကြောင်း ပညာရှင်များက သုံးသပ်လျက် ရှိသည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပလျက် ရှိသော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စီးပွားရေး ပညာရှင်များနှင့် နည်းပညာ ကျွမ်းကျင်သူများ ဆွေးနွေးချက်အရ စက်ရုပ်များနှင့် မှတ်ဉာဏ်တု နည်းပညာများမှာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း မျှော်လင့်ထားသည်ထက် ပိုသော တိုးတက်မှု ပိုင်ဆိုင်ခဲ့ပြီး လက်တွေ့ အသုံးချနိုင်သည့် အနေအထားသို့ ရောက်ရှိ လာခဲ့ခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ် ရောက်ချိန်တွင် လူဦးရေ ၅ သန်းခန့် အလုပ်အကိုင် ဆုံးရှုံးနိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်အကိုင် ဆုံးရှုံးနိုင်သည့် ပမာဏမှာ ၇ ဒသမ ၂ သန်းခန့်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းသစ် ဖန်တီးနိုင်မှုမှာ ၂ သန်းခန့် ရှိမည်ဖြစ်သဖြင့် လူသားများ အလုပ်အကိုင် ဆုံးရှုံးနိုင်သည့် ပမာဏစုစုပေါင်း မှာ ၅ သန်းခန့် ရှိမည်ဖြစ်သည်။ စီမံခန့်ခွဲမှုနှင့် ဆိုင်သော လုပ်ငန်းခွင်များ၊ ပညာကို အသုံးပြုရသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေသူများမှာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနိုင်မှု အနည်းဆုံးဖြစ်ပြီး ကာယအားကို အသုံးပြုရသည့် လုပ်ငန်းခွင်များမှာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနိုင်ခြေ အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနိုင်ခြေချင်း နှိုင်းယှဉ်ကြည့် ပါက အမျိုးသမီး များသည် အမျိုးသား များထက် ဆုံးရှုံးနိုင်ခြေ ပိုမိုမြင့်မား ကြောင်း သတ်မှတ် ထားသည်။

စက်ရုပ်များနှင့် မှတ်ဉာဏ်တု နည်းပညာသည် လာမည့်နှစ်နှစ် အတွင်း ကာယအားကို ဦးစားပေးသည့် လုပ်ငန်းခွင် များ၌ နေရာယူ လာမည်ဟု ခန့်မှန်းထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment