Pages

Monday, January 18, 2016

ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုလျော့နည်းရေး ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်လေးခု၌ ထပ်မံတိုးမြှင့် လုပ်ဆောင်သွားမည်


ရန်ကုန် ၊ ၁၈-၁-၂၀၁၆

ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းရေး အတွက် ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကမာရွတ် မြို့နယ်၊ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ် နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့၌ ထပ်မံတိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ စီမံချက်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

အဆိုပါမြို့နယ်များ၌ ဆေးယဉ်ပါးတီဘီ လူနာရှင်များအား လူနာတစ်ဦးလျှင် တစ်လ ငွေကျပ် ၃ဝဝဝဝ နှင့် အခြား အာဟာရ ထောက်ပံ့မှု အစီအစဉ်များအား လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

ငွေကြေး ထောက်ပံ့မှုများ လုပ်ဆောင်သွား နိုင်ရန် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက် ပေးထား၍ မှတ်ပုံတင်ရှိ လူနာများအား ATM စက်ဖြင့် ထုတ်ယူနိုင်ရန် စီစဉ်ပေးထားပြီး မှတ်ပုံတင်မရှိ သူလူနာများ ငွေသားဖြင့် ထောက်ပံ့ခြင်း အစီအစဉ်အား လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

တီဘီရောဂါရှိ လူနာတစ်ဦးသည် တစ်နှစ်လျှင် လူ ၁ဝ ဦးမှ ၁၅ ဦးထိ ကူးစက်နိုင်ပြီး တီဘီရောဂါမှာ အထူးဂရုပြုရန် လိုသည့် ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ တီဘီရောဂါသည် အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက်သည့် ရောဂါတစ်မျိုး ဖြစ်၍ ဆိုးကျိုးများသည့် ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ အဆိုပါ တီဘီရောဂါအား စနစ်တကျ ကုသမှုမခံယူ ခဲ့ပါက ဆေးယဉ်ပါးတီဘီ အဆင့်သို့ ရောက်ရှိသွား စေနိုင်ကြောင်း သိရသည်။

ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှု လျော့နည်းရေး အတွက် ကျန်းမာရေး ဦးစီးဌာန မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းက NGO, INGO အဖွဲ့များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၁ဝ ခု၌ လက်ရှိ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment