Pages

Tuesday, January 19, 2016

ငှက်ဖျားစောင့်ကြည့် သုတေသနများတွင် ငှက်ဖျားပိုးရှာဖွေသည့် နည်းပညာအသစ် အသုံးပြုမည်


ရန်ကုန် ၊ ၁၉-၁-၂၀၁၆

မြန်မာနိုင်ငံရှိ နေရာဒေသ အနှံ့အပြား၌ ဆောင်ရွက်နေသော ငှက်ဖျားစောင့်ကြည့် သုတေသန လုပ်ငန်းများ ပိုမို ထိရောက်စေရန် ငှက်ဖျားပိုး ရှာဖွေသည့် နည်းပညာအသစ်ကို ယခုနှစ်အတွင်း အသုံးပြုသွား မည် ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်း က ပြောသည်။

လက်ရှိအချိန်ထိ qPCR ဟုခေါ်သည့် အခြောက်ခံ ထားသော သွေးစက်မှ DNA ကိုထုတ်ယူပြီး စမ်းသပ်သည့် နည်းပညာဖြင့် စမ်းသပ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ အကြိုငှက်ဖျား သုတေသန အချက်အလက် များအရ သာမန် qPCR နည်းပညာကို အသုံးပြု၍ ရှာဖွေခြင်းထက် အလွန် ကောင်းမွန်သည့် q PTPCR နည်းပညာကို အသုံးပြု၍ ရှာဖွေခြင်းမှာ ပိုမိုထိရောက် သည်ကို တွေ့ရှိခဲ့ရကြောင်း သုတေသန စာတမ်းများ အရ သိရသည်။

''ဒီနည်းပညာကို အသုံးပြုတာက ရောဂါလက္ခဏာ မပြတဲ့ ပလက်စမိုး ဒီးယမ်းဖာစီပါရမ်၊ ပလက်စမိုးဒီးယမ်း ဗိုင်းရပ်စ်ငှက်ဖျား ပိုးတွေ တွေ့ရှိနှုန်းက ပိုများတယ်။ ဒါကြောင့် ငှက်ဖျားပိုး ကင်းစင်ရေး လှုပ်ရှားမှုတွေမှာ ဈေးနှုန်း သက်သာပြီး ပိုကောင်းမွန်တဲ့ နည်းပညာအဖြစ် ဒါကိုအသုံးပြုဖို့ ရည်ရွယ်ထား ပါတယ်'' ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းနည်းပညာကို အမေရိကန် ပြည်ထောင်စု မေရီလင်း ဆေးတက္ကသိုလ်မှ ပညာရှင်များနှင့် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ ပညာရှင်များက ပူးပေါင်းလေ့လာ ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အသုံးပြုနေသော ငှက်ဖျားပိုး အမြန်စစ်ကိရိယာ ဖြစ်သည့် q PCR နည်းပညာမှာ လူ့ခန္ဓာကိုယ် ထဲမှ သွေးစတင် ထုတ်ယူချိန်မှ အဖြေထွက်သည့် အချိန်ထိ အနည်းဆုံး လေးနာ ရီမှ ခြောက်နာရီအထိ ကြာကာ နည်းပညာသစ် ဖြစ်သော qPTPCR မှာလည်း ထိုအချိန် အတိုင်းအတာနှင့် ကြာမြင့်ချိန် တူညီကြောင်း သိရသည်။

''ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့က PDT ကိရိယာကို သုံးစွဲမှု နည်းတယ်။ ဒါကသိပ်ပြီး မထိရောက်ဘူး။ ဒါပေမဲ့ အခုငှက်ဖျား စစ်ဆေးရေး စက်တွေက လျှပ်စစ်မီး လိုတယ်။ အဆောက်အအုံလည်း လိုတဲ့အတွက် အဲဒီ စက်တွေ မထားနိုင်တဲ့ နေရာမှာတော့ RD Tud ကိရိယာကို အသုံးပြု နေပါတယ်'' ဟု ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်း က ပြောသည်။

ထို့ပြင် ပုဂ္ဂလိကမှ ထုတ်လုပ် ရောင်းချနေသည့် ငှက်ဖျားအမြန်သွေး စစ်ကိရိယာ (RDT) မှာ သွေးစစ်သည့် အချိန်မှ အဖြေထွက်သည့် အချိန်ထိ မိနစ် ၃ဝ သာ ကြာမြင့်သော်လည်း အဆိုပါ ကိရိယာမှာ တိကျမှု နည်းကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment