Pages

Monday, January 25, 2016

တက္ကသိုလ်များရှိ ဆရာ ဆရာမများ၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ခွင့် တက္ကသိုလ်အလိုက်ပေးထား



ရန်ကုန် ၊ ၂၅-၁-၂ဝ၁၆

တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများ၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွှေ့ပြောင်း တာဝန် ထမ်းဆောင်ခွင့်ကို တက္ကသိုလ် အလိုက် ပေးထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဆရာတွေရဲ့ သဘောထား အတိုင်း ရွှေ့ပြောင်း ခွင့် ပေးလိုက်ရင် တက္ကသိုလ် အလိုက် စီမံခွင့်ဆိုတဲ့ အတိုင်းအတာ ရရှိစေမှာပါ။ အရင်ကဆိုရင် ဆရာ ပြောင်းရွှေ့ကို အဲဒီ တက္ကသိုလ်ရဲ့ ဆရာ လိုအပ်ချက် အပေါ် မူတည်ပြီးတော့ မှ ပြောင်းခွင့် ပေးတယ်။ သက်ဆိုင်ရာ တက္ကသိုလ် မှာ နှစ်နှစ်၊ သုံးနှစ် တာဝန်ထမ်းဆောင် ရတယ်'' ဟု ၄င်းက ပြောသည်။

တက္ကသိုလ်တိုင်းတွင် ဘဏ္ဍာရေး လွတ်လပ်ခွင့်၊ ဘာသာရပ်ဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်၊ ဆရာ၊ ဆရာမ ခန့်ထားရေး စီမံခန့်ခွဲခွင့် များဖြင့် အကောင်အထည် ဖော်ခြင်း၊ မိမိတက္ကသိုလ်၏ လိုအပ်ချက်နှင့် အညီ သင်ကြားရေး မဟာဌာန များကို ဖွဲ့စည်းနိုင်ခြင်း၊ လိုအပ်ချက်နှင့် အညီ ဆရာ၊ ဆရာမများ လိုအပ်သလို ခန့်ထားခွင့် ပြုခြင်းတို့ အပါအဝင် ရန်ပုံငွေ ရှာဖွေနိုင်သည့် အခွင့်အရေး များကိုလည်း ပေးအပ်သွားမည်  ဖြစ်ကြောင်း သိရသည်။

''ဆရာတွေရဲ့ ဆန္ဒအတိုင်း ဆိုရင်တော့ အပြောင်းအရွှေ့ တွေမှာ အဆင်ပြေ လာစေမယ်။ နောက်ပြီး ပြောင်းရွှေ့ ထွက်တာကိုလည်း ပွင့်ပွင်လင်းလင်း ချပြသင့်တယ်'' ဟု ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအာကာမိုးသူ က ပြောသည်။

တက္ကသိုလ် အလိုက် ဝင်ခွင့်စနစ် တက္ကသိုလ်များ ကျင့်သုံးနိုင်ရန် အဆင်သင့် မဖြစ်သေး၍ လာမည့် ပညာသင်နှစ် မှသာပြုလုပ် မည့်အပြင် ပြည်သူများ သိရှိစေရန် တစ်နှစ် ကြိုတင်၍ စည်းကမ်းချက်များ ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန နှစ်ခု (အထက်နှင့် အောက်မြန်မာပြည်) ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် များတွင် ယင်းစနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး လျှောက်ထားလိုသူ များသည် အဆိုပါ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် များသို့ တိုက်ရိုက်လျှောက်ထား နိုင်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment