Pages

Thursday, January 21, 2016

မြောက်ဦးဒေသ၌ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျပ်သိန်း ၅၃၀၀ ကျော်ခွင့်ပြုထား


ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးများကို တွေ့ရစဉ်

မြောက်ဦး ၊ ၂၁-၁-၂၀၁၆

ရခိုင်ပြည်နယ် မြောက်ဦးဒေသ၌ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေမှ ကျပ်သိန်း ၅၃ဝဝ ကျော် ခွင့်ပြု  ပေးထားကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုရန်ပုံငွေဖြင့် သုတေသန ပြတိုက် ပြောင်းရွှေ့ခြင်း၊ တည်ဆောက်ပြသခြင်း လုပ်ငန်း၊ နန်းတော် ကုန်းရှိ မဟာပညာကျော် လမ်းလွှဲ ဖောက်လုပ်ခြင်း လုပ်ငန်း၊ နန်းသားကန် တူးဖော် ထိန်းသိမ်းခြင်း လုပ်ငန်း၊ ဘားဘူတောင် စေတီများ၊ မြေထိန်းနံရံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ ကြောင်လည်ဒုံ ခံတပ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ မင်္ဂလာ မာန်အောင် ကျောက်စီတံတိုင်း ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် ရှေးဟောင်း စေတီပုထိုး ငါးဆူ ထိန်းသိမ်းခြင်း လုပ်ငန်း စသည့် လုပ်ငန်းရှစ်ခု လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနဌာနမှ သိရသည်။

မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှ စတင်၍ ခွင့်ပြုရန်ပုံငွေ များရရှိခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သိန်း ၆၃ဝဝ ရရှိခဲ့ကြောင်း၊ ပြုပြင် ထိန်းသိမ်းရမည့် လုပ်ငန်းများတွင် တစ်ခုအပါ အဝင်ဖြစ်သော နန်းတော်ကုန်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများမှာ လက်ရှိအချိန်ထိ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ် တွင်လည်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရန် ကျပ်သိန်း ၅၃ဝဝ ကျော် ခွင့်ပြုထားခဲ့ပြီး ပြုပြင် ထိန်းသိမ်းမှု လုပ်ဆောင်ရာတွင် ရှေးမူမပျက် ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်နိုင် ပါက ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများ ပျက်စီးဆုံးရှုံးမှု များဖြင့် ကြုံတွေ့ရနိုင်ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment