Pages

Friday, January 8, 2016

နိုင်ငံပိုင်ဆေးရုံများတွင် နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကုသပေး နေသည့် ကုသပေးမှု ရှစ်မျိုးတွင် ကျောက်ကပ်ဆေးခြင်း လည်းပါဝင်



ရန်ကုန် ၊ ၈-၁-၂ဝ၁၆

နိုင်ငံပိုင် ဆေးရုံများ၌ နိုင်ငံ့ဝန်ထမ်း များအား အခမဲ့ ကုသပေးနေသည့် ကုသပေးမှု ရှစ်မျိုးတွင် ခွဲစိတ်ကုသမှု အားလုံးအပြင် ကျောက်ကပ် ဆေးခြင်းလည်း ပါဝင်ကြောင်း ကျန်းမာရေး ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြဝဏ္ဏစိုး က ပြောသည်။

ယင်းကဲ့သို့ နိုင်ငံ့ဝန်ထမ်း များအား အခမဲ့ ကုသခြင်းကို ၂ဝ၁၅ ခုနှစ် ဧပြီလကစပြီး ကုသပေးနေခြင်း ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ဗဟိုအဆင့် ဆေးရုံကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့် တိုက်နယ်ဆေးရုံ အားလုံးတို့၌ ဝန်ထမ်းများကို အခမဲ့ကုသ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အခမဲ့ကုသမှု အစီအစဉ်တွင် ဓာတ်ခွဲ စမ်းသပ်မှု အားလုံး၊ ဓာတ်မှန်ရိုက်ခြင်း၊ ဆေးဝါးများ ပေးခြင်း၊ ရေရှည်ဆေး ပေးရမည့် သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် ကင်ဆာရောဂါ များအတွက် ဆေးဝါးများကို စဉ်ဆက်မပြတ် ထုတ်ပေးခြင်း၊ ခွဲစိတ်ကုသမှု အားလုံး၊ ဝန်ထမ်း အမျိုးသမီး မီးဖွားခြင်းနှင့် ကလေးကုသခြင်း၊ မှန်ပြောင်းကြည့်ခြင်း ကျောက်ကပ် ဆေးခြင်း ကဲ့သို့သော အထူးကုသ ပေးခြင်း၊ သွားနုတ်ခြင်းနှင့် သွားဖာထေးခြင်း စသည့် ကုသမှုများ ပါဝင်ကြောင်း သိရသည်။

''၂ဝ၁၅ ခုနှစ် ဧပြီလက စပါတယ်။ နိုင်ငံ့ဝန်ထမ်း ဆေးကုသစရိတ် ဆိုပြီးတော့ ကျွန်တော်တို့ကို ကျပ် ၃၇ ဘီလီယံ ချထားပေး ပါတယ်။ သူက ဝန်ထမ်း တစ်ယောက်ကို ပျမ်းမျှ ကျပ် ၄ဝဝဝဝ နှုန်းနဲ့ တွက်ချက်ချပေး ပါတယ်။ အဲဒါ ကျွန်တော်တို့ ဆေးရုံတွေရဲ့ ဆေးဝါး ဝယ်ယူစရိတ် ရန်ပုံငွေထဲ ထည့်ပြီး နိုင်ငံ့ဝန်ထမ်းတွေ ဆေးရုံတက်ရင် အခမဲ့ ကုပေးပါ ဆိုပြီးတော့ ဆောင်ရွက် နေပါတယ်'' ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment