Pages

Wednesday, January 20, 2016

မြန်မာ့ဗိသုကာပညာကို သက်သေပြနေသော မင်းကွန်းမြေ မှ ခြင်္သေ့ကြီး နှစ်ကောင်



( တိမ်တမန် )

ဧရာဝတီမြစ် အတွင်းမှ မင်းကွန်းဘက်သို့ ကြည့်လိုက်သည်နှင့် ခြင်္သေ့ကြီး နှစ်ကောင်မှာ ထုထည်ကြီးမားစွာ အံ့သြမှင်တက်ဖွယ် တွေ့မြင်နေ ရသည်။ ထုထည် ကြီးမားသော ပုထိုးတော်ကြီး၏ အရွယ်နှင့် လိုက်ဖက် ညီအောင် တည်ဆောက် ထားခဲ့သည့် အတွက် မင်းကွန်းမြေမှ ထင်ရှားသော ဗိသုကာလက်ရာ အဖြစ် တည်ရှိနေသည်။ မင်းကွန်းမြေ ရောက်သူတိုင်း ခြင်္သေ့ကြီးများကို စိတ်ဝင် တစား လေ့လာလေ့ ရှိသည်။ ယခုအခါ ပြိုပျက်သည့် အနေအထားကို တွေ့မြင် နေရသော်လည်း ဟန်ပန်နှင့် တည်ဆောက် ထားသည့်လက်ရာမှာ ဧရာဝတီ မြစ်ရေပြင်ကို ကျော်လွှားကာ ခုန်အုပ်မည့်အလား မာန်ဖီထားလျက် ပုံဆောင်နေလျက် ရှိသည်။

လက်ရာမြောက် ခြင်္သေ့ကြီးများကို ဘိုးတော်ဘုရား လက်ထက် မြန်မာ သက္ကရာဇ် ၁၁၅၅ ခုနှစ် ပြာသို လပြည့်ကျော် ၅ ရက်တွင် တည်ဆောက်ခဲ့ပြီး အုတ်ချပ်ပေါင်း ရှစ်သိန်း ကုန်ကျခဲ့သော ခြင်္သေ့ကြီးများပင် ဖြစ်သည်။

အသုံးပြု ထားသော အုတ်ရေ မြင့်မားလျက် ရှိသော အနေအထား မြန်မာ့ ဗိသုကာ ပညာများကြောင့် ယနေ့တိုင် ထင်ရှားနေသော မင်းကွန်းဒေသမှ ဒုတိယမြောက် ကြီးတစ်ကြီး အဖြစ် တည်ရှိနေသည်။ လှပတင့်တယ်သော ခြင်္သေ့ကြီးများ ၄၅ နှစ်တာအထိ အကောင်းပကတိ တည်ရှိပြီး သဘာဝ ငလျင်ဒဏ်ကြောင့် မြန်မာ သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ် တန်ခူးလဆန်း ၇ ရက်၊ ၈ ရက်တွင် ခြင်္သေ့ အရှေ့ပိုင်းများ မြေခပြိုပျက် ခဲ့ကြောင်း သိရသည်။

ထူးခြားသော ခြင်္သေ့များ၏ ခြေသည်း လက်သည်းများကို စကျင် ကျောက်သားဖြင့် ပြုလုပ်ထားသည်။ မျက်လုံးအဖြစ် ပြုလုပ်ခဲ့သော စကျင်ကျောက်မှာ အဝန်း ၉ ပေ အချင်း ၃ ပေရှိကာ ရှေးအခါက ထိုခြင်္သေ့ မျက်လုံးများ မည်သို့ တပ်ဆင်ခဲ့သည်မှာ တွေးဆ အံ့သြဖွယ်ပင် ဖြစ်နေသည်။ စနစ်တကျဖြင့် လှပစွာ တည်ဆောက်ခဲ့သော မင်းကွန်းမြေမှ ခြင်္သေ့ကြီး နှစ်ကောင်အား လေ့လာသမျှ မြန်မာ့ဗိသုကာ ပညာကို သြချရလောက် သည်ဟု ညွှန်းဆို ထားသည်။ ခြင်္သေ့အရပ်ကို ဦးခေါင်းထိပ် အစွန်းအထိ အတိုင်းအတာမှာ ၉၅ ပေရှိသည်ဟု သိရသည်။ တစ်ဆင့်တစ်ဆင့် တိုင်းတာမှု မှတ်တမ်းများအရ အထက်သွား အောက်သွား တို့မှာ ၂ ပေ ၃ လက်မ၊ နှုတ်သီးအဖွင့် ၃ ပေနှင့် အောက်မေးအဖွင့် ၃ ပေ ၆ လက်မ ဖွင့်ထားသည့် အတွက် မာန်ပါလျက် ရှိသော ခြင်္သေ့ကြီးများအဖြစ် မှန်းဆတွေးမြင် နိုင်သည်။

ခြေသည်းလက်သည်း လုံးပတ် ၄ ပေ ၆ လက်မ၊ ခြေသည်းလက်သည်း အလျား ၅ ပေ ၆ လက်မ ရှိကြောင်းသိရပြီး မင်းကွန်းဒေသ မှ လှပထင်ရှား ခြင်္သေ့ကြီးများ အဖြစ် တည်ရှိနေသည်။ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ကမူ ကြီးမားလှသော ခြင်္သေ့ကြီးများကို ကြည့်ကာ မြန်မာ့ဗိသုကာ အစွမ်းကို ချီးမွမ်းလေ့ရှိသည်။ ချုံနွယ်များအကြား ပြိုပျက်သွားသည့် အစိတ်အပိုင်းများ ကိုလည်း မှတ်တမ်း ယူလေ့ရှိသည်။ လက်ရှိ ကာလတွင် ယခင် ရှေးလူတို့ သမိုင်းဖြစ်ခဲ့သော ထင်ရှားသည့် လက်ရာများကို နှောင်းလူတို့က သမိုင်းကို စောင့်ထိန်းရင်း ခြင်္သေ့ကြီးများကို ထိန်းသိမ်း စောင့်ရှောက် ထားလျက်ရှိသည်။ မင်းကွန်းမြေကို ခြေအချ မြင်ရသော ခြင်္သေ့ကြီးများ၊ ပုထိုးတော်ကြီး နှင့်အတူ ခေါ င်းလောင်းကြီး တို့သည် မြန်မာနိုင်ငံရောက် နိုင်ငံတကာ ခရီးသွားများကို အံ့သြစေ၊ စိတ်ဝင်စားစေ သည်အထိ ဆွဲဆောင်မှု ရှိလှသည်။ ကျော်ကြားထင်ရှား ဘုရားစေတီ နှင့် ခြင်္သေ့ကြီးများ ကို အကြောင်းပြုကာ မင်းကွန်းမြေသည် ယနေ့တိုင် ထင်ရှားလျက် ရှိသည်။ ပြည်တွင်းမှ ပြည်သူပြည်သားများ အသိတွင် ''နန်းတော်ကျွန်း ရွာကလေးတွေ တည်နေပုံက လှပသည်။ မင်းကွန်း ခေါင်းလောင်းကြီးနှင့် မြသိန်းတန် စေတီ သာယာဝေစည် ဘုရားရိပ်က အေးချမ်း သာယာသည်..''ဟု ဆိုသော သီချင်းစာသား နှင့်အတူ ရင်ထဲမှ မင်းကွန်းဒေသ အဖြစ် တည်ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment