Pages

Monday, January 25, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရား ပွဲတော်တွင် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ



ညောင်ဦး ၊ ၂၅-၁-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများ အနက် ပုဂံခေတ အနုပညာ လက်ရာ အမြောက်ဆုံး အဖြစ် ထင်ရှားသည့် ကျန်စစ်သား မင်းကြီး ကောင်းမှုတော် အာနန္ဒာ ဘုရားကြီး ၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ပြာသိုလပြည့် နေ့တွင် ကျင်းပပြုလုပ်မြဲ ဖြစ်ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပြတ် ကျင်းပလျက် ရှိပြီး အထူးသဖြင့် ဘုရားပွဲတော် ကာလ ယနေ့တွင် သံဃာတော် များအား ဆွမ်းသပိတ်လုံး များ ဆက်ကပ်လှူဒါန်း ပွဲသို့ အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်ကြ၍ ကြက်ပျံမကျ စည်ကားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်း ပွဲသို့ ညောင်ဦးမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများ ဆွမ်းသပိတ်လုံး ကပ်လှူပူဇော် နိုင်ရန်အတွက် လပြည့် နေ့မတိုင် မီ ပြာသိုလဆန်း ၁ဝ ရက်၊ ၁၁ ရက်မှ စတင်ကာ ၄င်းတို့၏ ရွာမှ ဘုရားပွဲတော်ကြီးသို့ ပေါင်းမိုးလှည်း များဖြင့် စီတန်း၍ တညီတညွတ် လာရောက်ကြ သည်မှာလည်း စိတ်ဝင်စားစရာ မြန်မာ့ရိုးရာ ဓလေ့တစ်ခု အဖြစ် ရှိနေပေသည်။ ထို သဘာဝလူနေမှု ဓလေ့များကို ပြည်တွင်းဓာတ်ပုံ ပညာရှင်များ၊ ပြည်ပ မှခရီးသွား ဧည့်သည်နှင့် ဓာတ်ပုံ ပညာရှင်များသည် လက်လွတ်မခံဘဲ ၄င်းလှည်းယဉ်များ အလာလမ်းနှင့် အပြန်လမ်းများတွင် အမိအရ စောင့်၍ ဓာတ်ပုံများ လာရောက် ရိုက်ကူး ကြသည်ကို မြင်တွေ့ရသည်။

ပြာသိုလသည်  အညာဒေသရှိ ကျေးရွာများ၏ ပဲပေါ်ချိန်၊ နှမ်းပေါ်ချိန် ဖြစ်၍ ပေါ်ပြီးခါစ ဦးဦးဖျားဖျား သီးနှံများကို အာနန္ဒာ ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်း ပွဲတွင် ဦးခိုက်၍ နှစ်စဉ်လာရောက် ဆက်ကပ်လှူဒါန်း ကြရာ ဆွမ်းသပိတ်လုံး၊ မြေပဲ၊ အသီးအနှံ သပိတ်လုံး များနှင့်အတူ ငွေပဒေသာပင် ပုံစံ အမျိုးမျိုးလည်း ပါဝင်ကြောင်း မြင်တွေ့ရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment