Pages

Tuesday, January 5, 2016

အဝေးသင်တက္ကသိုလ် များ၏အောင်ချက် ၁၀ ရာခိုင်နှုန်း လျော့ကျ


ရန်ကုန် ၊ ၅-၁-၂၀၁၆

၂ဝ၁၅ ခုနှစ်တွင် အဝေးသင် စာမေးပွဲ ဖြေဆိုထားသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ် များထက် ၁ဝ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။

''အရည်အသွေး ပြည့်ဝဖို့ဆိုရင် အောင်ချက် ရာခိုင်နှုန်း အသီးသီး တစ်နှစ်ထက် တစ်နှစ် လျော့ကျလာမယ်။ သတ်မှတ်တဲ့ အမှတ်မရရင် မအောင်ပေးဘူး။ အမှတ်မီအောင် လျှော့ပေါ့ စဉ်းစားပေးပြီး ပြန်လည် စိစစ်ပေးတာမျိုး လုပ်မှာ မဟုတ်ပါဘူး'' ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပထမအသုတ် ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို နိုဝင်ဘာ နောက်ဆုံးပတ် မှစ၍ အဝေးသင်ဌာန အသီးသီး၌ ထုတ်ပြန်ပေး ခဲ့ပြီး ဒုတိယ အသုတ်နှင့် တတိယအသုတ် ဖြေဆို ထားသည့် အောင်စာရင်း တို့ကို ဖေဖော်ဝါရီလ နောက်ဆုံးထား၍ ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ပညာသင်နှစ်တွင် အဝေးသင် ပညာရေး၏ အောင်ချက် ရာခိုင်နှုန်းမှာ ၈ဝ ရာခိုင်နှုန်း ရရှိခဲ့သော်လည်း ၂ဝ၁၄ ပညာသင်နှစ်တွင် အောင်ချက် ရာခိုင်နှုန်းမှာ ၇ဝ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရသည်။

အဝေးသင် တက္ကသိုလ် နှစ်ခုဖြစ်သော ရန်ကုန် အဝေးသင်တက္ကသိုလ် နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၌ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၃ဝဝဝဝဝ ကျော် စာမေးပွဲ ဖြေဆိုလျက် ရှိပြီး စက်တင်ဘာ လတွင် သိပ္ပံ ဘာသာတွဲဖြင့် လည်းကောင်း၊ အောက်တိုဘာလတွင် အင်္ဂလိပ်စာ ဘာသာတွဲ ဖြင့်လည်းကောင်း၊ နိုဝင်ဘာလတွင် စီးပွားရေး အထူးပြု ဘာသာဖြင့် လည်းကောင်း တစ်နှစ်တွင် သုံးသုတ်ခွဲကာ ပညာသင်ကြား ပေးလျက် ရှိသည်။

အဝေးသင် ပညာရေးစနစ် ထိရောက်စွာ လေ့လာနိုင်ရန် အဝေးသင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ ပို့ချမှုကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် တစ်ရက်လျှင် ၁၅ မိနစ်သာ
ထုတ်လွှင့်ခဲ့ရာမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ အဝေးသင် ပညာရေး တက္ကသိုလ်ပိုင် www.yude.edu.mm တွင် IPIV ( Internet Protocol Tele-vision System) ဖြင့် သင်ခန်းစာ ပို့ချချက်များကို ၂၄ နာရီ ပို့ချထုတ်လွှင့် ပေးလျက် ရှိသည်။

ထို ပညာရေး ပို့ချချက်များကို မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များ နှင့် လက်တော့ပ် များတွင် အထူးပြု လေ့လာနိုင်ရန် အစီအစဉ်များ ရေးဆွဲလျက် ရှိပြီး ဘာသာရပ်များ အနေဖြင့် သိပ္ပံ ဘာသာရပ်တွင် ဓာတု၊ ရူပ၊ သင်္ချာ၊ သတ္တဗေဒ၊ ဝိဇ္ဇာ ဘာသာရပ်တွင် မြန်မာမှု၊ မြန်မာစာ၊ အင်္ဂလိပ်၊ ပထဝီ၊ ဒဿနိက၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ရသစာပေ၊ ရသ စာပေ အရေးအသားနှင့် စီးပွားရေး ဘာသာရပ်တွင် စီးပွားရေးပညာ၊ အိမ်တွင်းစီးပွား၊ ပြည်သူ့ရေးရာနှင့် စီးပွား၊ စီမံဘာသာရပ် စသည့် ဘာသာရပ်တို့ ထုတ်လွှင့်ပို့ချ ပေးလျက်ရှိသည်။

လက်ရှိ အဝေးသင် ကျောင်းသား၊ ကျောင်းသူဦးရေ ၆ဝဝဝဝဝ ကျော်ရှိပြီး www.yude.edu.mm တွင် IPIV ( Internet Protocol Tele-vision System) စာမေးပွဲအချိန် ဇယား၊ အောင်ချက် ထုတ်ပြန်ပေးခြင်း၊ ဘွဲ့နှင်းသဘင် ကျင်းပပေးမည့် အစီအစဉ်များနှင့် သင်တန်းဖွင့်လှစ်မှု အချိန်တို့ကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment