Pages

Wednesday, January 13, 2016

စတုတ္ထအကြိမ်မြောက် လယ်တောသူ အလှပြိုင်ပွဲတွင် မြန်မာ့ရိုးရာကျေးလက်အက ပါ ထည့်သွင်းသွားမည်



ရန်ကုန် ၊ ၁၃-၁-၂၀၁၆

၂ဝ၁၆ ခုနှစ်တွင် ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် လယ်တောသူ အလှပြိုင်ပွဲ Miss Farmer Contest 2016 ၌ တောဓလေ့ကို ဖော်ပြသည့် မြန်မာ့ရိုးရာ ကျေးလက်အက ပြိုင်ပွဲကိုပါ ထပ်မံထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် UMFCCI တို့၏ ဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ယူ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး မတ် ၃ ရက်တွင် MCC ခန်းမ၌ ကျင်းပသွားမည် ဖြစ်သည်။

''ဒီနှစ်မှာ ထူးခြားတာက တောဓလေ့ကို ဖော်ပြတဲ့ အဖွဲ့လိုက် သရုပ်ဖော်အက ပြိုင်ပွဲကိုလဲ ထည့်ထားတယ်။ ဆုတွေလဲ သိန်း(၂ဝ)၊ (၁၅)သိန်း၊ (၁ဝ)သိန်း ပေးသွားမှာပါ။ လယ်တောသူ အလှပြိုင်ပွဲ ကျင်းပ ရတာကတော့ ကျေးလက် တောင်သူတွေရဲ့ ဘဝမှ နစ်မြုပ်နေတဲ့ အလှတွေကို ဖော်ထုတ်ပြီး သူတို့ကို နိုင်ငံတကာပြပွဲ အတွေ့အကြုံ တွေ ရစေချင်လို့ ဖြစ်ပါတယ် ''ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် က ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူသုံးဦးကို ပြည်ပလေ့လာရေး ခရီးစဉ်နှင့်အတူ ပထမဆု ငွေကျပ်သိန်း၅ဝ၊ Gold Crown ၊ ပြည်ပလေ့လာရေး ခရီးစဉ်၊ ဒုတိယဆု ငွေကျပ်သိန်း ၃ဝ၊ တတိယဆု ငွေကျပ် သိန်း၂ဝ၊ စတုတ္ထဆု ငွေကျပ် ၁၅ သိန်းနှင့် ပဉ္စမဆုငွေကျပ် ၁ဝ သိန်းစသည့် ဆုငွေများ ချီးမြှင့်မည် ဖြစ်ပြီး အခြားဆုများ ကိုလည်း ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

''လူတွေ့ စစ်ဆေးမှာက မှတ်ပုံတင်၊ ကိုယ်အလေးချိန်၊ အချိုးအစားကို လျောက်လွှာနဲ့ မှန်၊ မမှန် စစ်ဆေးတဲ့ သဘောပါ။ ဆန်ခါတင်ပါပြီးတဲ့ သူတွေကို TALENT MODEL သင်တန်းက ဆရာမ တင်မိုးလွင်နဲ့ သင်းတန်းပေးသွား မှာပါ။ မနှစ်က ဖေဖော်ဝါရီလမှ စနိုင်တော့ အချိန်မရ လိုက်ဘူး။ ဒီနှစ် အချိန်ရတယ်။ ဒီနေ့ထိ လျှောက်ထားသူ ၁ဝ ဦးလောက်ရှိပါပြီ '' ဟု ဦးစိန်ဝင်းလှိုင် က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူ များသည် အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်းဖြစ်ရမည် ဖြစ်ပြီး အရပ်ငါးပေ နှစ်လက်မ အထက်နှင့် ကိုယ်အလေးချိန် ပေါင် ၁ဝဝ အထက်ရှိသူ၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်သူ၊ အိမ်ထောင်မရှိ သူနှင့် မိဘအုပ်ထိန်းသူမှ သဘောတူ ခွင့်ပြုချက် ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲဝင်လိုသူ မြန်မာ တိုင်းရင်းသူ များသည် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ ရုံးခန်းငါးလွှာ၊ UMFCCI အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ် သို့ ရုံးချိန် အတွင်း ဇန်နဝါရီ ၁၁ ရက်မှစ၍ ဖေဖော်ဝါရီ ၁၁ ရက်ထိ နောက်ဆုံးထား လျောက်ထားနိုင်ပြီး လူတွေ့ စစ်ဆေးမှုကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment