Pages

Wednesday, January 13, 2016

အင်းလေးကန် ဘေးမဲ့တောအတွင်း ဆောင်းခိုငှက် အများအပြား လာရောက်ကျက်စားလျက်ရှိ



ညောင်ရွှေ ၊ ၁၃-၁-၂၀၁၆

အင်းလေးကန်အတွင်း ဆောင်းခိုငှက်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ လာရောက်ကျက်စား နေထိုင် လျက် ရှိရာ ယခုနှစ်တွင် အင်းလေးကန် ဘေးမဲ့တော၌ အများအားဖြင့် ရေကြက်၊ ဒုံငှက်နှင့် စင်ရော်ငှက် အများအပြား လာရောက်နေထိုင် ကျက်စားပျော်ပါးလျက် ရှိသည်။

အဆိုပါ အင်းလေးကန် ဘေးမဲ့တောထဲတွင် ရေပျော်ငှက် မျိုးစိတ် ၉၁ မျိုးနှင့် သစ်တော ငှက်မျိုးစိတ်၂၅၉ မျိုး စုစုပေါင်း မျိုးစိတ် ၃၅ဝ ရှိသည်ကို ငှက်စာရင်း ကောက်ယူရေး မှတ်တမ်းအရ သိရသည်။

၂ဝ၁၄ ခုနှစ်က ငှက်မျိုးစိတ် ၄၁ မျိုးဝင်ရောက် နေထိုင်ကြရာ ရေပျော်ငှက် ၉၃၇၁ ကောင် ၊ သစ်တောငှက် အကောင်ရေ ၁ဝ၅ဝ နှင့်ဆောင်းခိုငှက် ၈၂၂၁ ကောင်သာ  ရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်ဒီဇင်ဘာလ အထိ အင်းလေးကန် ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၃ဝ သာ ဝင်ရောက်နေထိုင် ခဲ့ပြီး ရေပျော်ငှက် ၁၅၃၂၁ ကောင်၊ သစ်တောငှက် ၄၅၇ ကောင်နှင့် ဆောင်းခိုငှက် ၁၂၉၅၈ ကောင်တို့ ဝင်ရောက်နေထိုင် ကြသည်ကို တွေ့ရသည်။

ဆောင်းခိုငှက်များသည် ဆောင်းဥတုတွင် ကမ္ဘာ့ မြောက်ဘက်ခြမ်းရှိ တရုတ်၊ ရုရှား၊ ဆိုက်ဘေးရီးယား နှင့် အခြား ဝင်ရိုးစွန်းဒေသတို့တွင် ရေခဲတောင်များ ဖြစ်ပေါ်ပြီး အစာရှားပါး လာခြင်းကြောင့် ရာသီဥတု သာယာသည့် အာရှနိုင်ငံများသို့ မိုင်ပေါင်းထောင်ချီ၍ အသက်စွန့် ပျံသန်းကာ ဆောင်းခိုငှက်များ အဖြစ် ရွှေ့ပြောင်း နေထိုင်ကြခြင်း ဖြစ်သည်။

ဆောင်းခိုငှက် များသည် ကမ္ဘာ့မြောက်ဖျား ရေခဲတောင်များမှ ရာသီဥတု သာယာကောင်းမွန်ပြီး အစာပေါများသည့် နိုင်ငံများသို့ အောက်တိုဘာလမှ စ၍ စတင်ပျံသန်း ပြောင်းရွှေ့ကာ မတ်လအထိ ခြောက် လ တိတိ ဆောင်းခိုငှက် ဘဝဖြင့် ခေတ္တဝင်ရောက် နားခိုကြခြင်း ဖြစ်သည်။

ဆောင်းခိုငှက် များသည် ကမ္ဘာ့မြောက်ဘက်ခြမ်း ရေခဲများဖုံးလွှမ်း နေစဉ် ရေကြည်ရာ၊ မြက်နုရာနိုင်ငံ များနှင့် အာရှနှင့် အရှေ့တောင် အာရှရှိနိုင်ငံများသို့ လမ်းကြောင်း ကိုးကြောင်းဖြင့် မိုင်ပေါင်းထောင်ချီ၍ ပျံသန်းလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ အာရှ အလယ်ပိုင်းဒေသ၊ အရှေ့အာရှနှင့် သြစတြေးလျ ပျံသန်းရာ လမ်းကြောင်းမှ ဝင်ရောက်နားခို နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အောက်တိုဘာလမှ စ၍ ကချင်ပြည်နယ်၊ အင်းတော်ကြီးအိုင်၊စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး ပလိပ်အင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး ဘေးမဲ့တောဒေသ၊ ရန်ကုန်တိုင်း ဒေသကြီး မိုးယွန်းကြီးအင်း၊ ဧရာဝတီတိုင်း ဒေသကြီး ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြစ်ချောင်းများ ၌ ဆောင်းခိုငှက် အများအပြား တွေ့ရသည်။

ဆောင်းခိုငှက်များကို အင်းလေးကန် ဘေးမဲ့တောအတွင်း ရေတိမ်ဒေသများ ဖြစ်သော သလဲဦး၊ အလယ်မြောင်း ကျေးရွာအနီး ငှက်သားပေါက် ဧရိယာ၊ လင်းကင်းငှက် သားပေါက်ဧရိယာ၊ ငှက်သားပေါက် ဧရိယာများနှင့် ဆက်စပ်နေသည့် လယ်ကွင်းများ၊ ညောင်ရွှေမြို့ရှိ သာစည်ကန်၊ နဒီကန်၊ ရေလယ်ကွင်း၊ သားငှက် ထိန်းသိမ်းရေး ဒေသများ၊ အင်းလေးကန် အတွင်းရှိ ရေခြံများအတွင်းနှင့် ဘီလူးချောင်း တစ်လျှောက်တွင် တွေ့ရသည်။

အင်းလေးကန် ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ကိုးမျိုး၊ ငှက်မျိုးစိတ် ၃၄၉ မျိုး၊ ရေပျော်ငှက် ၉၁ မျိုး၊ ကုန်းငှက် ၂၅၈ မျိုး၊ ငါးမျိုးစိတ် ၆၁ မျိုး၊ ဒေသရင်း ၁၆ မျိုး၊ လိပ်ပြာ ၉၄ မျိုး၊ ကုန်းနေရေနေ သတ္တဝါ ၂၅ မျိုး၊ လိပ်သုံးမျိုး၊ သစ်ခွ ၁၈၄ မျိုး၊ ဆေးဖက်ဝင် အပင် ၂၅၇ မျိုး၊ ၀ါး ၁၁ မျိုး ရှိပြီး ငှက်မျိုးစိတ် ပေါင်စုံ ထိန်းသိမ်းစောင့်ရှောက် ထားရာနိုင်ငံခြားသား ငှက်ကြည့်အသင်းဝင်များ စိတ်ဝင်တစား လာရောက်၍ နှစ်ထပ် ငှက်ကြည့်စင်မှ ငှက်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းနှင့် ဗီဒီယို ရိုက်ကူးခြင်းများ ပြုလုပ် ကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment