Pages

Friday, January 1, 2016

ရွှေစက်တော်ဘုရားပွဲတော် ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ နှစ်လတိုင်တိုင် ကျင်းပသွားမည်



ရန်ကုန် ၊ ၁-၁-၂၀၁၆

မြန်မာနိုင်ငံ၏ အထင်ကရ ရက်ရှည် ဘုရားပွဲတော်တစ်ခု ဖြစ်သည့် ရွှေစက်တော် ဘုရားပွဲတော်ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဧပြီ ၁၃ ရက်အထိ နှစ်လတိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာပြည် ဘုရားဖူးလုပ်ငန်း လုပ်ကိုင်နေသူ များ၏ ပြောကြားချက် အရ သိရသည်။

ရွှေစက်တော် ဘုရားပွဲတော် သည် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဘုရားပွဲတော် ကဲ့သို့ပင် မြန်မာတစ်နိုင်ငံလုံး မှ ဘုရားဖူးများ လာရောက် ဖူးမြော်လျက်ရှိပြီး သာသနာရေး ဝန်ကြီးဌာနမှ (က) အဆင့် သတ်မှတ်ထား သည့် ဘုရားပွဲတော် ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၄ ရက်မှ ဧပြီ ၂ဝ ရက်အထိ ၄၈ ရက်ကြာ ကျင်းပခဲ့ပြီး ဘုရားပွဲတော်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိခဲ့သောကြောင့် ဘုရားပွဲတော် ကာလအတွင်း သုံးမိုင်လမ်းဆုံ ဖြစ်သည့် မန်းချောင်းကို ဖြတ်သန်းသည့် နေရာတွင် အရှည်ပေ ၃ဝ နှင့် အကျယ် ၁၅ ပေရှိသည့် အသွားအပြန် တံတားနှစ်စင်း ကို ရွှေစက်တော် ဘုရားဂေါပက အဖွဲ့မှ အကုန်အကျ ခံကာယာယီ တည်ဆောက်ပေး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘုရားဖူးယာဉ် များနှင့် ခရီးသည်တင် ယာဉ်များအတွက် ရပ်နားရန် ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင် များနှင့် သန့်စင်ခန်းများ ပါရှိသည့် မော်တော်ယာဉ် ရပ်နားကွင်း များကို ရွှေစက်တော် ဘုရားအဝင် ယာဉ်ရပ်နားကွင်း တစ်ကွင်းနှင့် အထက် စက်တော်ရာ အထက် ကားလမ်းဘေးတွင် ယာဉ်ရပ်နားကွင်း တစ်ကွင်းအသစ် တည်ဆောက် ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ရွှေစက်တော် ဘုရားပွဲသည် ပွဲတော်ကာလ အတွင်း နေ့စဉ် ဘုရားဖူးများ ထောင်ဂဏန်းအထိ လာရောက် နေကြသဖြင့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဘုရားပွဲ ကဲ့သို့ပင် တည်းခိုခန်း ဈေးနှုန်းများ မြင့်မား လေ့ ရှိသည်။ ရွှေစက်တော် ဘုရားပွဲတော်တွင် တည်းခိုခန်းခ ဈေးနှုန်းများ မြင့်တက် နေခြင်းမှာ တည်းခိုခန်း လုပ်ကိုင်နေသူများ အနေဖြင့် တည်းခိုခန်း တင်ဒါရရှိ သူများထံမှ တစ်ဆင့် ပြန်လည်ဝယ်ယူ လုပ်ကိုင် နေရသဖြင့် တည်းခိုခန်းခ ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် သက်ဆိုင်ရာမှ တည်းခိုခန်း တင်ဒါပုံစံ များကို ပြောင်းလဲ လုပ်ကိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment