Pages

Thursday, January 21, 2016

အိန္ဒိယ - မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းကို ၂ဝ၁၈ ခုနှစ်တွင် အပြီးသတ်ဖောက်လုပ်နိုင်ရန် လျာထား


အာရှလမ်းမတစ်နေရာ

ရန်ကုန် ၊ ၂၁-၁-၂ဝ၁၆

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးကို ၂ဝ၁၈ ခုနှစ်တွင် အပြီးသတ် ဖောက်လုပ်နိုင်ရန် လျာထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ သုံးနိုင်ငံအဝေးပြေး လမ်းမကြီးကို အိန္ဒိယနိုင်ငံ အစိုးရမှ အဓိကဦးဆောင် ဖောက်လုပ်မည်ဖြစ်ပြီး သုံးနိုင်ငံအဝေးပြေး လမ်းမကြီး စီမံကိန်းအရ ၄၈ ဒသမ ၄ မိုင် ရှည်လျားသည့် ကားလမ်းအသစ်ကို ဖောက်လုပ်မည် ဖြစ်သည်။ လက်ရှိ အသုံးပြုနေသည့် ၂၄၈ ဒသမ ၅ မိုင် ရှည်လျားသည့် ကားလမ်းကို ရာသီမရွေး ခံနိုင်ရည်ရှိစေရန် အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း၊ ယင်း အဝေးပြေး လမ်းမကြီးသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့မှ စတင်ကာ မြန်မာနိုင်ငံ မန္တလေးမြို့ကို ဖြတ်သန်း ဖောက်လုပ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ အထိ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသုံးနိုင်ငံ အဝေးပြေးလမ်းမ ဖောက်လုပ်ရေး စီမံကိန်းသည် အိန္ဒိယ၏ အရှေ့သို့ ဦးတည်မှုမူဝါဒ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံက အရှေ့တောင်အာရှ ဒေသ ဆက်စပ်မှုကို မဟာဗျူဟာမြောက် တည်ဆောက်ခြင်း ဖြစ်ကြောင်းကို အိန္ဒိယမီဒီယာ များတွင် ဖော်ပြထားကြောင်း သိရသည်။ ယင်းလမ်းမ ဖောက်လုပ်ရန် အတွက် ၂ဝ၁၅ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုး ခဲ့သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူလ်တန်၊ အိန္ဒိယ နှင့် နီပေါ စသည့်နိုင်ငံ များတွင် မော်တော်ယာဉ် မောင်းနှင်မှု သဘောတူညီချက် (BBIN MV) မှအစပြု ထွက်ပေါ်လာခြင်း ဖြစ်ပြီး အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု တိုးမြှင့်ရေး အထောက်အကူ ပြုမည့် အဝေးပြေး လမ်းမကြီးလည်း ဖြစ်ကြောင်း သိရသည်။

အဝေးပြေး လမ်းမကြီး စီမံကိန်းအရ စီမံကိန်းအဆင့် ၁ အောက်တွင် လက်ရှိကားလမ်း ၁၁၉ ဒသမ ၃ မိုင် အရှည်ရှိလမ်းကို အဆင့်မြှင့်တင်မည် ဖြစ်ပြီး စီမံကိန်းအဆင့် ၂ တွင် ၆၂ မိုင်ကို ထပ်မံ အဆင့်မြှင့်တင်မည် ဖြစ်သည်။

အိန္ဒိယအစိုးရမှ အသုံးပြုနေသော ၃၆ မိုင်အရှည်ကို အဆင့်မြှင့်တင် ပေးမည့်အပြင် ၈၂ မိုင်အရှည်ရှိ လမ်းမကိုပါ အဆင့်မြှင့်တင် ပေးရန် စီစဉ်ထားကြောင်း၊ ယင်းတို့အား အိန္ဒိယအစိုးရမှ တာဝန်ယူဆောင်ရွက် ပေးမည် ဖြစ်ကြောင်း၊ အိန္ဒိယ နယ်ခြားလမ်း ဖောက်လုပ်ရေးအဖွဲ့(BRO) သည် မြန်မာနိုင်ငံ ဘက်ခြမ်းရှိ တမူး၊ ကလေးဝနှင့် ကလေးမြို့ ကားလမ်းများကို အဆင့်မြှင့်တင် ပေးနေပြီ ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် အာရှနှင့် အာဆီယံနိုင်ငံ များအကြား ကုန်သွယ်မှုအရ ဗဟိုနေရာတွင် ရှိနေပြီး နိုင်ငံများ ဆက်သွယ်သော လမ်းများ ဖောက်လုပ်မှု စီမံကိန်းများ ပြီးစီးပါက မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာ အထောက်အကူ ဖြစ်လာစေမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment