Pages

Friday, January 1, 2016

နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်တစား ၀ယ်ယူလေ့ရှိကြသည့် တစ်ပိုင်တစ်နိုင် မြန်မာ့လက်မှု ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူလျော့နည်း



ရန်ကုန် ၊ ၁-၁-၂၀၁၆

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား ဝယ်ယူလေ့ ရှိကြသည့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တစ်ပိုင်တစ်နိုင် မြန်မာ့လက်မှု ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ လျော့နည်း လာကြောင်း ဒေသခံ ယွန်းထည်လုပ်ငန်း လုပ်ကိုင် ရောင်းချသူများ၏ ပြောကြားချက် အရ သိရသည်။

ယွန်းထည် လုပ်ငန်းသည် လက်ဝင်သော လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် လူငယ်များ စိတ်ဝင်စားမှု လျော့နည်းလာပြီး အမြတ်အစွန်း အားဖြင့်လည်း တွက်ချက်မရ နိုင်ကြောင်း၊ ယွန်းထည်ပစ္စည်း တစ်ခုကို လ အတန်ကြာအောင် ပြုလုပ်ရသည့် အတွက် ဝင်ငွေရရှိရန် အချိန်ကြာမြင့် သဖြင့် လုပ်ကိုင်လာသူများ လျော့နည်းလာခြင်း ဖြစ်ကြောင်း ပုဂံ-ညောင်ဦး ဒေသရှိ မြင်းကပါရွာမှ ယွန်းထည် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယွန်းထည် လုပ်ငန်းကို ကုန်ကြမ်း လေးမျိုးဖြင့် ပြုလုပ်ရပြီး ဆေးရောင် များကိုလည်း အနီ၊ အဝါ၊ အစိမ်းနှင့် ခရမ်းများကိုသာ အသုံးပြုကာ ယွန်းထည်စစ်လျှင် အပူ၊ အအေးဒဏ်ကို ခံနိုင်ပြီး နှစ်ပေါင်းများစွာ အသုံးပြုနိုင်သည်။

ထို့ပြင် ဆေးအသုံးပြု ပုံပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားကာ ယွန်းထည်ပစ္စည်း များကို ပြည်တွင်းမှ ဝယ်ယူမှု အလွန်နည်း သော်လည်း နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝယ်ယူမှုရှိကာ ရွှေအစစ် ပန်းချီကား အသေးများနှင့် အမှတ်တရ ယွန်းထည်ပစ္စည်း အသေးများကို ဝယ်ယူမှု များပြားသည်။ ယွန်းထည်ပစ္စည်း များ၏ တန်ဖိုးသည် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ဝ မှ ဒေါ်လာ ၂ဝဝ အထိ တန်ဖိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ယွန်းထည် လုပ်ငန်းကို ပုဂံ-ညောင်ဦး ဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ကျောက္ကာဒေသ ၌ လုပ်ကိုင်သူများ ရှိသော်လည်း ယခုအခါ ပုဂံညောင်ဦး ဒေသ၌ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ နည်းပါး လာကြောင်း၊ ယွန်းထည် လုပ်ငန်းများ ရေရှည် တည်တံ့နိုင်ရန် နိုင်ငံတော်က အရင်းအနှီးများ ထုတ်ပေးသင့်ပြီး မြန်မာ့ လက်မှုလုပ်ငန်း များကို မြှင့်တင် ပေးသင့်ကြောင်း ယွန်းထည် လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ခဲ့သည်။ 

(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment