Pages

Wednesday, January 20, 2016

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ရန်ကုန်မြို့၌ ATR လေယာဉ် အကြီးစားပြင်ဆင်မှု အလုပ်ရုံတည်ထောင်ရန် စီစဉ်လျက်ရှိ



ရန်ကုန် ၊ ၂၀-၁-၂၀၁၆

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)သည် ရန်ကုန်မြို့၌ ATR လေယာဉ် အကြီးစား ပြင်ဆင်မှု အလုပ်ရုံ တည်ထောင်ရန် စီစဉ်လျက်ရှိရာ အဆိုပါစက်ရုံ ဖွင့်လှစ်ပြီးပါက ပြည်တွင်း လေကြောင်းလိုင်း များမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှု အပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာပြည်တွင်း လေကြောင်းလိုင်း များသည် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်သည့် လေယာဉ်များကို အများဆုံး အသုံးပြု၍ ခရီးစဉ်များ ပျံသန်းလျက် ရှိသည်။ အဆိုပါ ATR လေယာဉ်များအား ပြင်ဆင်မှု ပြုလုပ်ရာတွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ရှိ ATR လေယာဉ်ပြင်ဆင်မှု စက်ရုံများတွင် သွားရောက်ပြင်ဆင် နေရကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း သည် ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီနှင့် လေယာဉ် ဝယ်ယူရေး၊ အကြီးစား ပြင်ဆင်မှု အလုပ်ရုံ တည်ထောင်ရန် သဘောတူ စာချုပ်ကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်က မြန်မာ အမျိုးသား လေကြောင်းရုံးချုပ် ၌ လက်မှတ် ရေးထိုးခဲ့သည်။ ယင်း စာချုပ်အရ မြန်မာအမျိုးသား လေကြောင်းလိုင်း သည် ATR လေယာဉ်ကုမ္ပဏီမှ ATR 72-600 လေယာဉ် ခြောက်စင်း ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဝယ်ယူထားသည့် ATR 72-600 လေယာဉ်ခြောက်စင်း အနက် ပထမဆုံး လေယာဉ်မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ဒုတိယမြောက် လေယာဉ်မှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ATR လေယာဉ်သစ်ဖြင့် ဗန်ကောက်မြို့သို့ ယခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်မှစ၍ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့ တို့တွင် တစ်ပတ်လျှင် လေးကြိမ် စတင်ပျံသန်းမည် ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့လည်း ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ် တနင်္လာနှင့် သောကြာနေ့ တို့တွင် ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်းရှိ လေဆိပ်ရှိသော မြို့ ၂၆ မြို့နှင့် ဟောင်ကောင်၊ စင်ကာပူနိုင်ငံ တို့သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းပေးလျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment