Pages

Wednesday, December 2, 2015

ပြင်သစ်ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသည့် အထူးလေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ



ရန်ကုန် ၊ ၂-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့သို့ လာရောက် လည်ပတ်ရန် ပြင်သစ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၁၉ဝ ဦးနှင့် လေယာဉ် အမှုထမ်း ၁၅ ဦး ပါဝင်သော အဖွဲ့သည် ပေါ်တူဂီနိုင်ငံ EuroAtlantic လေကြောင်းလိုင်းမှ လေယာဉ် အမျိုးအစား B-767-300 ၊ လေယာဉ်အမှတ် CS-TLO ၊ ခရီးစဉ်အမှတ် MMZ-969 ( Special Flight) ဖြင့် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိသည်။

ဘာသာတရား ကိုင်းရှိုင်းခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ပေါများခြင်း၊ များပြားသည့် သဘာဝ တောတောင်ရေမြေ ပိုင်ဆိုင်ခြင်း၊ ယဉ်ကျေး ဖော်ရွေသည့် လူမျိုးဖြစ်ခြင်း စသည့် ကောင်းသတင်း များကြောင့် ပြည်ပ ခရီးသွား များသည် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း အသီးသီးတို့မှ ဝင်ရောက် လည်ပတ်လျက် ရှိသည်။ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်မားလျက် ရှိသည်။

နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှု အများဆုံးမှာ လေကြောင်း ခရီးဖြင့် ဝင်ရောက်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့မှ တစ်ဆင့် ပုဂံ၊ အင်းလေး၊ မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင် တို့သို့ သွားရောက် လည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ရောက်ရှိလာသည့် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များသည် ရန်ကုန်မြို့ အတွင်း လေ့လာကြမည် ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ၄င်းလေယာဉ်ဖြင့် ရန်ကုန်လေဆိပ် မှ ဥဇဘက် ကစ္စတန် နိုင်ငံသို့ ပြန်လည် ထွက်ခွာ ကြမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment