Pages

Wednesday, December 2, 2015

ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အား ရှေးဟောင်း အဆောက်အအုံ တစ်ခု၏ သတ်မှတ်စံချိန်စံညျွန်း ပြည့်မီစွာ ၂၀၁၆ ခုနှစ် မတ်လအတွင်း အပြီးပြင်ဆင် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂-၁၂-၂၀၁၅

ရန်ကုန်မြို့ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်) အား ရှေးဟောင်း အဆောက်အအုံ တစ်ခု၏ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာ ပြင်ဆင်လျက် ရှိရာ ၂ဝ၁၆ ခုနှစ် မတ်လအတွင်း အပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်) ထိန်းသိမ်းပြင်ဆင်မှု လုပ်ငန်းများ ပြီးစီးပါက ခံ့ညားသည့် အဆောက်အအုံ အဖြစ် မြင်တွေ့ ကြရမည်ဖြစ်ပြီး ပြင်ဆင်မှုများ ပြီးစီးပါကလည်း ပုဂ္ဂလိကများကို ငှားရမ်းသွားမည် မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ က ပြောသည်။

အမှတ်(၁၃၁) ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ် ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်) သည် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန၊ အနုပညာ အထက်တန်းကျောင်း (ပန်တျာ၊ ပန်းချီ၊ ပန်းပုကျောင်း) ဖွင့်လှစ်ထားသော နေရာ၌ တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ခန့်က ရှားပါးသော လက်ရာများဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံ တစ်ခုဖြစ်ကြောင်း၊ ၁၉၁၅ ခုနှစ်တွင် စတင်ဆောက်လုပ် ခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည့် အမြင့်ပေ ၁၂ဝ ရှိ ငါးထပ် အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်) သည် ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ကိုက်ညီမှုရှိပြီး ကိုလိုနီခေတ်၏ ရှားပါးသော လက်ရာတစ်ခု ဖြစ်သည့်အတွက် ယဉ်ကျေးမှု အမွေအနှစ် ဒေသ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်အဖြစ် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၇ ရက် ရက်စွဲပါ အမိန့်အမှတ် (၁/၂ဝ၁၅)ဖြင့် သတ်မှတ် ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment