Pages

Monday, December 7, 2015

အညတရသူရဲကောင်းစစ်သည်များအား ဒုတိယအကြိမ် အောက်မေ့ ဖွယ်ဂါရဝပြုပွဲကျင်းပ


အညတရသူရဲကောင်း စစ်သည်များအား ဒုတိယအကြိမ်မြောက် အောက်မေ့ဖွယ် ဂါရ၀ပြုပွဲကျင်းပစဉ်

ရန်ကုန် ၊ ၇-၁၂-၂ဝ၁၅

တိုင်းပြည်အတွက် တိုက်ပွဲများ အကြား စွန့်လွှတ် စွန့်စားရင်း အသက်ပေး သွားသော ခေတ် အဆက်ဆက်မှ အညတရ သူရဲကောင်း စစ်သည်များအား ဒုတိယ အကြိမ်မြောက် အောက်မေ့ ဖွယ်ဂါရဝပြုပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အာဇာနည်ကုန်း အရှေ့တောင် ဘက်ရှိ သူရဲကောင်း စစ်သည်ဗိမာန် ၌ ကျင်းပရာ လူထုအလွှာစုံမှ ဂါရဝပြု တက်ရောက်သူ ခုနစ်ထောင်ကျော် ရှိကြောင်း သိရသည်။

ဂါရဝပြုပွဲသို့ တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်ကို ချစ်သော ပြည်သူများနှင့် ဂါရဝပြုပွဲ ဖြစ်မြောက်ရေး အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ ယနေ့အချိန်ထိ တည်တံ့ ခံ့ညားစွာ တလွင့်လွင့် စိုက်ထူ လာခဲ့သော နိုင်ငံတော် အလံအား တက်ရောက်လာသူ အပေါင်းမှ အလေးပြု ကြသည်။ ထို့နောက် ရဲဘော်သုံးကျိပ်မှ အစတည်ကာ တပ်မတော်အား မွေးဖွား ပေးခဲ့သော တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းပြည်အတွက် အသက်ပေးလှူ သွားကြသော ခေတ် အဆက်ဆက်မှ သူရဲကောင်း စစ်သည်များအား အလေးပြု ကြသည်။

ထို့နောက် သစ္စာ အဓိဋ္ဌာန် (၄)ချက်အား ရွတ်ဆိုကြပြီး သူရဲကောင်း စစ်သည်ဗိမာန် အထိမ်းအမှတ် ကျောက်စာတိုင်ကြီး ရှေ့တွင် ပရိသတ်များက အစုအဖွဲ့လိုက် အောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေများ ချကာ ဂါရဝပြုခြင်း နှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၂ မိနစ်ခန့် ငြိမ်သက်ခြင်း တို့အား ဆောင်ရွက် ကြသည်။

ဆက်လက်၍ တပ်မတော်၏ သမိုင်းကြောင်းများ၊ အမွန်မြတ်ဆုံး စွန့်လွှတ်သူ တို့၏ ဂုဏ်ဒြပ်များ၊ လက်ရှိ တပ်မတော် အနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလများ အကြား ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းခဲ့ပုံ များနှင့် ရေရှည် မျှော်မှန်းချက် များအား ဂါရဝပြုပွဲ ဖြစ်မြောက်ရေး အဖွဲ့မှ ဦးဉာဏ်ဝင်းထက်၊ ဦးရဲမိုး နှင့်တာဝန်ရှိ သူများက ရှင်းလင်း ပြောကြားသည်။

ထို့နောက် အထိမ်းအမှတ် အဖြူရောင် ကျောက်စာတိုင်နှင့် လွမ်းသူ့ပန်းခွေများ အကြားတွင် တက်ရောက် လာကြသည့် ဧည့်ပရိသတ် တို့က စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ ကြသည်။ ဂါရဝပြုပွဲအား ညနေ ၅ နာရီအထိ မည်သူမဆို လာရောက် နိုင်ကြောင်း သိရသည်။

ဂါရဝပြုပွဲ ဖြစ်မြောက်ရေး အဖွဲ့ အနေဖြင့် ရန်ကုန်မြို့ မြတ်လေးရုံ ပရိယတ္တိ စာသင်တိုက်တွင် ကျဆုံး သူရဲကောင်း စစ်သည်များ အတွက် ရည်စူးကာ သံဃာတော် များအား အာရုံဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment