Pages

Monday, December 21, 2015

မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို)က ဦးစီး၍ ပင်လယ်ကမ်းခြေပန်းချီ လက်တွေ့ရေးဆွဲပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၁-၁၂-၂၀၁၅

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်  ကျင်းပပြုလုပ်မည့် ပင်လယ်ကမ်းခြေ ပန်းချီလက်တွေ့ ရေးဆွဲပွဲကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို)က ဦးစီးကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တွေ့ရေးဆွဲပွဲ အတွက် အဖွဲ့ဝင် ၂၅ ဦးပါဝင်သော ပန်းချီဆရာများသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာကြပြီး ဒီဇင်ဘာ ၂၈ ရက်ထိ ရေးဆွဲကြမည် ဖြစ်ကြောင်း သိရသည်။

''ပန်းချီအစည်းအရုံး ရဲ့ သင်းလုံးကျွတ် ပန်းချီပြပွဲမှာ ကူညီပံ့ပိုး သူတွေရယ်၊ ရေးဆွဲချင်သူ တွေရယ်ကို စုပေါင်းပြီး သွားရောက် ရေးဆွဲတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်းကို ဒီတစ်ခေါက် သွားရောက် ရေးဆွဲပါ့မယ်။ ပြီးရင်တော့ ပြပွဲကျင်းပဖို့ ရှိပါတယ်''ဟု ပန်းချီ ထွန်းဝင်းက ပြောပြသည်။

အဆိုပါ လက်တွေ့ ရေးဆွဲပွဲတွင် ဂွမြို့အနီးမှ ကျေးရွာများ၊ ရေလုပ်ငန်း လုပ်ကိုင်မှုများ၊ ပင်လယ်ကမ်းခြေ အလှများကို မိမိနှစ်သက်ရာ ရှုထောင့်ဖြင့် လက်တွေ့ရေးဆွဲ ကြရမည်ဖြစ်သည်။

အဆိုပါ အစီအစဉ် အစအဆုံး ကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို)က အကုန်အကျခံ စီစဉ်ပေးခြင်း ဖြစ်ပြီး ပန်းချီ ဆရာများ ဒေသန္တရ ဗဟုသုတ ရှာမီးရန်၊ သဘာဝအလှ များကို မှတ်တမ်းတင် ရေးဆွဲနိုင်ရန်၊ ပန်းချီဆရာများ စုပေါင်း ရေးဆွဲခြင်းဖြင့် ဖန်တီးမှုအသစ်များ ရရှိရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တွေ့ရေးဆွဲပွဲသည် ယခု ပန်းချီ အစည်းအရုံး သက်တမ်းတွင် လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်က ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ် မင်းတပ် ဝန်းကျင်တို့တွင် သွားရောက် ရေးဆွဲ ခဲ့ဖူးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment