Pages

Friday, December 18, 2015

စတော့အိတ်ချိန်းဆိုင်ရာ သင်တန်းများအတွက် လုပ်ကိုင်ခွင့် အတည်ပြု လျှောက်ထားမှသာ အသိအမှတ်ပြု လုပ်ကိုင်ခွင့် ပေးသွားမည်


ရန်ကုန် ၊ ၁၈-၁၂-၂ဝ၁၅

မကြာမီ ကာလအတွင်း စတင်လည်ပတ် လုပ်ဆောင်တော့မည့် စတော့ရှယ်ယာ ဈေးကွက်အတွက် စတော့ အိတ်ချိန်း နှင့် ပတ်သက် သည့် ဗဟုသုတ ရရှိစေရန်နှင့် ပညာရပ်ပိုင်း ဆိုင်ရာများ သင်ကြားနိုင်ရန် Security and Exchange Committee အသိအမှတ်ပြု ပညာပေး သင်တန်းများကို ဖွင့်လှစ်လိုပါက ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၌ အတည်ပြု လျှောက်ထားရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၌ လာရောက် လျှောက်ထားမှသာ စတော့ရှယ်ယာ ဆိုင်ရာ သင်တန်း ဖွင့်လှစ်မှုကို အသိအမှတ်ပြု သွားမည်ဖြစ်ပြီး အကယ်၍ လျှောက်ထားခြင်း မရှိဘဲ စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပါက အသိအမှတ်ပြု သွားမည် မဟုတ်ကြောင်း သိရသည်။

ယခုကဲ့သို့ လျှောက်ထား လာမှုများကို ပြည်တွင်း၌ သာမက ပြည်ပမှ လာရောက်၍ စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ် လိုသူများ အနေဖြင့်လည်း လျှောက်ထားရမည် ဖြစ်ပြီး ယခုကဲ့သို့ လျှောက်ထားမှသာ အသိအမှတ်ပြု၍ အတည်ပြု လုပ်ကိုင်သွား နိုင်မည် ဖြစ်ကြောင်း သိရသည်။

စတော့ဈေးကွက် ပေါ်ပေါက် လာချိန်တွင် ယခုကဲ့သို့ သင်တန်းဖွင့်လှစ် ရာ၌ တတ်သိ ကျွမ်းကျင်၍ ဖွင့်လှစ်သူများ ရှိသကဲ့သို့ အမှန်တကယ် နားလည်မှု မရှိဘဲ ဈေးကွက် စီးပွားရေးအရ အပြိုင်အဆိုင် ဖွင့်လှစ်ကြပြီး အသိပညာ၊ အတတ်ပညာ မပေးနိုင်သော သင်တန်းများ မပေါ်ပေါက်စေရန် အတည်ပြု လျှောက်ထား လုပ်ကိုင်စေခြင်း ဖြစ်ကြောင်း သိရသည်။

စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရန် လာရောက် လျှောက်ထား သူများကို အမှန်တကယ် စတော့ဆိုင်ရာများ အကြောင်း နားလည်၍ ဖွင့်လှစ်ခြင်း ဟုတ်၊ မဟုတ်နှင့် မိမိ ကြေညာသော ဝန်ဆောင်မှု အတိုင်း အမှန်တကယ် ပေးနိုင်မှုရှိ၊ မရှိ စိစစ်၍ ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် အနေဖြင့် စတော့အိတ်ချိန်း နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စတော့အိတ်ချိန်း နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လိုပါက ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ဖြစ်စေ၊ Security and Exchange Committee သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ကြီးကို ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများ ရောင်းဝယ်မှုနှင့် လုပ်ငန်းများ လည်ပတ်နိုင်ရန် ပြင်ဆင်လျက် ရှိကာ ရှယ်ယာ ရောင်းဝယ်မှု လုပ်ငန်းများ ကို ၂ဝ၁၆ ခုနှစ် မတ်လဆန်းပိုင်း တွင် စတင် လည်ပတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကေကေ ၊ လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment