Pages

Monday, December 21, 2015

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင် ၄၃၀ ဆံ့ အဆင့်မြင့်နှလုံး ၊ သွေးရောဂါ နှင့် ရင်ခေါင်း ငါးထပ်ဆေးကုသဆောင် ဖွင့်လှစ်



ရန်ကုန် ၊ ၂၁-၁၂-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း ခုတင်-၄၃ဝ ဆံ့ အဆင့်မြင့်နှလုံး၊ သွေးရောဂါ နှင့်ရင်ခေါင်း ငါးထပ်ဆေးကုသ ဆောင်သစ်ကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါ ဆေးရုံသစ် မျက်နှာစာ၌ ဖွင့်လှစ်ခဲ့သည်။

တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဆောက်လုပ် လှူဒါန်းသော တော်ဝင်အထူးကု ငါးထပ် ဆေးကုသဆောင် သစ်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် နှင့် တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကိုကိုထွေး တို့က ကမ္ပည်း မော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင် အထူးကု ငါးထပ် ဆေးကုသဆောင် သစ်အတွင်း လှည့်လည် ကြည့်ရှုကြသည်။

အဆိုပါ ဆေးရုံသစ်ကို တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်းပေါင်း ၅၅ဝဝဝ ခန့် အကုန်အကျခံကာ နိုင်ငံတကာ အဆင့်မီ တည်ဆောက် ပေးထားကြောင်း သိရသည်။

ဆေးရုံသစ်၏ မြေညီထပ်တွင် အထူး ကြပ်မတ်ကုသခန်း၊ အထူးပြင်ပ လူနာဌာန၊ ပထမထပ်တွင် နှလုံးခွဲစိတ်ဆောင်၊ နှလုံးခွဲစိတ်ခန်း၊ အထူးကြပ်မတ် ကုသခန်း (နှလုံးခွဲစိတ် )၊ ဒုတိယထပ်တွင် နှလုံးရောဂါ ဆေးကုသဆောင်၊ နှလုံးသွေးကြော စမ်းခန်း၊ နှလုံးရောဂါ ကြပ်မတ်ကုသခန်း၊ တတိယထပ် တွင် နှလုံးရောဂါ ဆေးကုသဆောင်၊ အဆုတ် နှင့် အသက်ရှူ လမ်းကြောင်း ဆေး ကုသဆောင်၊ စတုတ္ထထပ်တွင် သွေးရောဂါ အထူး ကုသဆောင်တို့  ပါဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။

တော်ဝင်အထူးကု ငါးထပ် ဆေးကုသဆောင် သစ်တွင် ဘာသာရပ် အလိုက် ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ ခန့်ထားပြီး ဆေးကုသဆောင် တစ်ခုတွင် လက်ထောက် ဆရာဝန်ငါးဦး စီဖြင့် လက်ထောက် ဆရာဝန် ၂ဝ ဦး၊ သူနာပြု ဆရာမ ၂ဝ ဦး တာဝန် ပေးထားကြောင်း သိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ မြင့်ဟန် က'' ဒီဆေးရုံမှာ ယခင်က မလုပ်နိုင်သေးတဲ့ နှလုံးသွေးကြော ထဲကို ဆေးထည့်ပြီး စစ်ဆေးကုသ တာမျိုးတွေ၊ နှလုံးစည်းချက်မှန် စနစ် ကုသနည်းတွေ၊ နှလုံးသွေးကြောချဲ့ ကုသနည်းတွေ၊ နှလုံးသွေးကြော အစားထိုး ကုသနည်းတွေ၊ နှလုံးအဆို့ရှင် အစားထိုး ကုသနည်းတွေ၊ ရင်ခေါင်းရောဂါ ဝေဒနာရှင် တွေကို အဆုတ်ကြည့် မှန်ပြောင်းနဲ့ ရောဂါရှာဖွေ နည်းတွေ၊ သွေးရောဂါလူနာနဲ့ သွေးခြင်ဆီ ပင်မ ကလာပ်စည်း အစားထိုး ကုသနည်း၊ သွေးရည်ကြည်နဲ့ သွေးကလာပ်စည်း လဲလှယ် ထုတ်ယူခြင်းတို့ကို ဒီဆေးရုံက ဆောင်ရွက်ပေး နိုင်တော့မှာပါ'' ဟု ပြောသည်။

အဆိုပါ ဆေးရုံသစ်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက် ကုသသော လူနာများအတွက် ဆေးဝါးအခမဲ့၊ ရောဂါစမ်းသပ် ရှာဖွေခြင်းကို သတ်မှတ် ကန့်သတ်ချက် အတိုင်း အခမဲ့၊ ဓာတ်မှန် ရိုက်ကူးခြင်းနှင့် ဓာတ်ခွဲ စမ်းသပ်ခြင်း တို့ကို သတ်မှတ်ချက် အတိုင်း အခမဲ့ ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment