Pages

Tuesday, December 1, 2015

၂၀၁၆ ခုနှစ်မှစ၍ ပင်လယ်ကူးသင်္ဘောသား များတွင် မြန်မာသင်္ဘောသားများ အချိန်ကိုးလသာ တာဝန်ထမ်းဆောင်ရမည်



ရန်ကုန် ၊ ၁-၁၂-၂၀၁၅

ယခုနှစ်တွင် ကမ္ဘာ့ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ ထုတ်ပြန် လိုက်သည့် ဥပဒေအသစ်များ အရ မြန်မာနိုင်ငံသား ပင်လယ်ကူး သင်္ဘောသားများ အနေဖြင့် ၂ဝ၁၆ ခုနှစ်မှ စတင်၍ သင်္ဘောများ ပေါ်၌  တာဝန်ထမ်းဆောင် ရာတွင် ယခင်က ကဲ့သို့ အချိန်တစ်နှစ် သို့မဟုတ် နှစ်နှစ် စသည့် ကာလရှည် တာဝန်ထမ်းဆောင် နိုင်တော့မည် မဟုတ်ဘဲ အကြာဆုံး အနေဖြင့် ကိုးလသာ တာဝန်ထမ်းဆောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

''မြန်မာ သင်္ဘောသားတွေ တစ်အုပ်စုတည်း ကိုပဲ ကမ္ဘာ့ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်က အချိန်ကာလ အရှည်ဆုံး အနေနဲ့ ကိုးလပဲ လိုက်ခိုင်းတာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ရှိတဲ့ သင်္ဘောသားတွေ အားလုံးကိုလည်း ကာလ အရှည်ဆုံး အနေနဲ့ ကိုးလပဲလိုက်ဖို့ ဥပဒေထုတ်ပြီး ကျင့်သုံးဖို့ လိုက်နာ ဆောင်ရွက်ခိုင်း တာပါ။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက စပြီး မြန်မာ သင်္ဘောသားတွေ အနေနဲ့ အချိန်အကြာဆုံး ကိုးလသာ တာဝန်ထမ်းဆောင် ရတော့မှာပါ'' ဟု ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသား ပင်လယ်ကူး သင်္ဘောသားများကို ပြည်ပ သင်္ဘောလိုင်း များနှင့် ချိတ်ဆက်ပြီး အလုပ်ရှာဖွေပေး နေသည့် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ သတ်မှတ်ခဲ့ ရခြင်းမှာ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း သင်္ဘောသား များမှာ သင်္ဘောများ ပေါ်တွင် အချိန်ကာလ ကြာမြင့်စွာ တာဝန်ထမ်းဆောင် ခြင်းကြောင့် စိတ်ရောဂါ ဝေဒနာ ခံစားရခြင်း၊ ကျန်းမာရေး အရ ချို့ယွင်းမှု ဖြစ်ပေါ်ခြင်း၊ သင်္ဘောသား လူသစ်များ အတွက် အလုပ်အကိုင် ရှားပါးခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အသစ်ထွက်ပေါ် လာသည့် ဥပဒေများ အရ မြန်မာနိုင်ငံသား ပင်လယ်ကူး သင်္ဘောသား များသည် ၂ဝ၁၆ ခုနှစ်မှ စတင်၍ သင်္ဘောများ ပေါ်၌ တာဝန်ထမ်းဆောင် ရာတွင် ကာလတို အနေဖြင့် ခြောက်လ သို့မဟုတ် ကိုးလ နှစ်မျိုးတည်းသာ ရွေးချယ်ပြီး တာဝန်ထမ်းဆောင် ရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်သစ်ကို မြန်မာနိုင်ငံသား ပင်လယ်ကူး သင်္ဘောသား များမှလည်း လက်ခံကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း ပင်လယ်ကူး သင်္ဘောသား အလုပ်ကို လုပ်ကိုင်နေသည့် လူဦးရေ တစ်သိန်းကျော် ရှိကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၂၂)

#Themyawadydaily

No comments:

Post a Comment