Pages

Tuesday, December 1, 2015

ယခုနှစ်အတွင်း မိုးရွာသွန်းမှုနည်းပါး သဖြင့် နေပြည်တော် ဇေယျာသီရိ မြို့နယ်ရှိ ရေဆင်းဆည်တွင် ရေလျော့နည်းမှု ဖြစ်ပေါ်



နေပြည်တော် ၊ ၁-၁၂-၂၀၁၅

နေပြည်တော် ဇေယျာသီရိ မြို့နယ်ရှိ ရေဆင်းဆည်သည် ယခုနှစ် မိုးရာသီ၌ မိုးရွာသွန်းမှု လွန်စွာ လျော့နည်းမှုကြောင့် ဆည်အတွင်း ရေဝင်ရောက်မှု နည်းပါးသဖြင့် စံချိန်တင် ရေလျော့နည်းမှု ဖြစ်ပေါ်လျက် ရှိသည်။ 

ရေဆင်းဆည်၏ ယမန်နေ့တွင် ရှိသော ရေအနက်မှာ ၆၄ ဒသမ ၅ ပေ၊ ရေပမာဏ ၁၃ဝဝဝ ဧကပေ သာရှိပြီး ကာလတူ ဖြစ်သော ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်ရှိ ရေအနက်မှာ ၈၂ ဒသမ ၆ ပေ၊ ရေပမာဏ ၃၆ဝဝဝ ဧကပေထက် များစွာ လျော့နည်းလျက် ရှိသည်ကို တွေ့ရသည်။

၂ဝ၁၄ ခုနှစ်အတွင်း ရေဆင်းဆည်၏ အမြင့်ဆုံး ရေအနက်မှာ ၉ဝ ဒသမ ၄ ပေ၊ ရေပမာဏ ၅ဝ၉၂ဝ ဧကပေ ဖြစ်ပြီး အနိမ့်ဆုံး ရေအနက်မှာ ၇၁ ဒသမ ၁ ပေ၊ ရေပမာဏ ၁၈၃၅ဝ ဧကပေဖြစ်သဖြင့် လက်ရှိမိုးရာသီ
ကုန်ဆုံးချိန်တွင် ရှိသည့် ရေပမာဏမှာ ယမန်နှစ်က အနိမ့်ဆုံးရေ အမှတ်ထက်ပင် လျော့နည်းလျက် ရှိကြောင်း သိရှိရသည်။

ဇေယျာသီရိ မြို့နယ်အတွင်း စိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တော တက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ တိရစ္ဆာ န်ဥယျာဉ် နှင့် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ တပ်မတော်သား မိသားစုများ၊ ဆည်ပတ်ဝန်းကျင် ရှိ ဒေသခံ ပြည်သူများသည် ရေဆင်းဆည် ကိုအမှီပြု၍ ရေအသုံးပြု နေမှုများ ရှိကြောင်း၊ ထို့ပြင် ဆည်ရေသောက် လယ်ဧက ၈ဝဝဝ ရှိကြောင်း သိရှိရပြီး ယခုနှစ်တွင် ဆည်ရေ ပမာဏ နည်းပါးမှုကြောင့် ဆည်ရေသောက် လယ်များတွင် နွေစပါးစိုက်ပျိုး နိုင်ခြင်း မရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ ရေဆင်းဆည်ရေ လျော့နည်းမှု ကြောင့် လာမည့် နွေရာသီတွင် ရေမလုံ လောက်မှု အခက်အခဲများ ဆက်လက် ဖြစ်ပေါ်လာနိုင် သဖြင့် ဒေသခံ ပြည်သူများ၊ ရေသုံးစွဲသူများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရှိရသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment