Pages

Sunday, December 6, 2015

ရန်ကုန်မြို့ရှိ အိမ်ထောင်စု ၁၀ သိန်းတွင် အိမ်ထောင်စု လေးသိန်းဝန်းကျင်သာ အမှိုက်ခွန် ပေးဆောင်


ရန်ကုန် ၊ ၆-၁၂-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အမှိုက်ခွန် ကောက်ခံပြီး အမှိုက်သိမ်း စနစ်ကို ပိုမို ကောင်းမွန်အောင် အကောင် အထည်ဖော်လျက် ရှိသော်လည်း ရန်ကုန်မြို့ရှိ အိမ်ထောင်စု ၁ဝ သိန်းတွင် အိမ်ထောင်စု လေးသိန်း ဝန်းကျင်သာ အမှိုက်ခွန် ပေးဆောင်နေကာ ကျန်ခြောက်သိန်းခ န့်မှာ အမှိုက်ခွန် ပေးဆောင်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ သိရသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ပြည်သူအများစု၌ အခွန်ဆောင်သည့် အလေ့အထ အားနည်းခြင်း၊ အမှိုက်သိမ်းသည့် ဝန်ဆောင်မှု စနစ်တွင် တယ်လီဖုန်း၊ လျှပ်စစ်မီးနှင့် ရေခွန်များ ကဲ့သို့ လစဉ်အခွန် ပုံမှန် မဆောင်ပါက ဖျက်သိမ်း၍ ရသည့် ဝန်ဆောင်မှု မဟုတ်ခြင်း ကလည်း အခွန်ကောက်ခံ ရာတွင် အခက်အခဲများ ဖြစ်စေကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ အမှိုက်ခွန်များကို ၂ဝ၁၂ ခုနှစ်တွင် စတင်တိုးမြှင့် ကောက်ခံခဲ့ပြီး အမှိုက်ခွန် နှုန်းထားမှာ ရန်ကုန်မြို့တွင်း ဧရိယာတွင် တစ်လလျှင် ကျပ် ၆ဝဝ၊ ဆင်ခြေဖုံးမြို့နယ် များ၌ ကျပ် ၄၅ဝ နှင့် မြို့သစ်မြို့နယ် များ၌ ကျပ် ၃ဝဝ ဖြစ်ကာ စည်ပင်သာယာ ဝန်ထမ်းများမှ လစဉ် အိမ်တိုင်ရာရောက် လိုက်လံကောက်ခံ လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ နေ့စဉ် နံနက် ၆ နာရီမှ ၁ဝ နာရီအထိ၊ ညနေ ၆ နာရီမှ ည ၁၁ နာရီခွဲ အထိ အိတ်ဖြင့်လုံခြုံစွာ စွန့်ပစ်ရန် ရပ်ကွက် တာဝန်ရှိသူနှင့် မြို့နယ် တာဝန်ရှိ သူများမှ တစ်ဆင့် အသိပေး ဆောင်ရွက် သကဲ့သို့ အမှိုက်ပုံးနှင့် အမှိုက်ကန် များတွင် ဗီနိုင်းပုံများ ကပ်ပြီး အသိပေး နှိုးဆော်မှုများ ပြုလုပ်ထားသည်။ ထို့ပြင် သတ်မှတ် အမှိုက်ကန် နှင့် အမှိုက်ပုံး ရှိသည့်နေရာမှ အမှိုက်များကို သိမ်းဆည်း ပေးခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ အမှိုက်သိမ်းယာဉ် လိုအပ်ချက်မှာ ရန်ကုန် တစ်မြို့လုံး အတွက် အစီးရေ ၄ဝဝ ခန့်လိုအပ်ပြီး လက်ရှိတွင် အစီးရေ ၃ဝဝ ခန့် ဝယ်ယူထားသည်။ အမှိုက်ပုံးနှင့် အမှိုက်ကန် လိုအပ်ချက်မှာ ၄ဝဝဝဝ ကျော် ခန့်ရှိပြီး လက်ရှိတွင် ၃ဝဝဝဝ ဝန်းကျင်ခန့် ဖြည့်ဆည်း ထားကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment