Pages

Wednesday, December 2, 2015

ချီလီနှင့် အာဂျင်တီးနားနိုင်ငံ နယ်စပ် ပတ်တာဂိုးနီးယား ကမ်းခြေတွင် ဝေလငါး သေဆုံးမှုကောင်ရေ အများဆုံး သမိုင်းမှတ်တမ်းဝင်




ဆန်တီယာဂို ၊ ၂-၁၂-၂၀၁၅

ချီလီနှင့် အာဂျင်တီးနား နိုင်ငံနယ်စပ် ပတ်တာဂိုးနီးယား ကမ်းခြေဒေသတွင် ဝေလငါး ကောင်ရေ ၃၃၇ ကောင်ထိ သေဆုံးသွားခဲ့ပြီး သမိုင်းတစ်လျှောက် ကောင်ရေ အများဆုံး သေဆုံးခဲ့သည့် မှတ်တမ်းဝင် သွားခဲ့ကြောင်း သိရသည်။

သုတေသီများက မည်သည့် အတွက်ကြောင့် သေဆုံးခဲ့သည်ကို ဓာတ်ခွဲခန်းတွင် စမ်းသပ် စစ်ဆေးမှုများများ ပြုလုပ်နေဆဲ ဖြစ်ပြီး တိကျသော အဖြေမထုတ် နိုင်သေးကြောင်း၊ ခန့်မှန်းချက် အရ ပင်လယ် ရေမျက်နှာပြင် ပူနွေးပြီး ရာသီဥတု ဖောက်ပြန်မှု များကြောင့် ဖြစ်နိုင်သကဲ့သို့ သေဆုံးနေသော ဝေလငါးများတွင် ကပ်ပါလာသည့် ရေညှိများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့သော ရလဒ်များအရ အမည်မဖော် နိုင်သော ဗက်တီးရီးယား အချို့ ပါဝင်နေသည်။ ထို့ပြင် မိုင်းတွင်းမှ စွန့်ပစ်ဓာတု အရည်များ ကြောင့်လည်း ဖြစ်နိုင်ကြောင်း ယေဘုယျ ခန့်မှန်းထားသည်။

ကာရိုလီနာ၊ ဆိုင်မွန်နှင့် ဂတ်စတိုင်း ချီလီ တက္ကသိုလ်များမှ သိပ္ပံပညာရှင်များ ဦးဆောင်ကာ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေး မှုများ ပြုလုပ်နေပြီး မကြာမီ တိကျသော အဖြေရလဒ်ကို ထုတ်ပြန်ကြေညာ ပေးသွားမည်ဟု ချီလီ မိုးလေ၀သဆိုင်ရာ ၀က်ဘ်ဆိုက် မှ ထုတ်ပြန်ကြေညာ ပေးသွားခဲ့သည်။

''သေဆုံးခဲ့တဲ့ ဆိုင် အမည်ရှိ ဝေလငါးတွေဟာ အပြာ မီးခိုးရောင် စပ်တဲ့ အရောင်အသွေး ရှိပြီး သမုဒ္ဒရာ အောက်ရှိ ပုစွန်ဆိတ်ငယ် တွေနဲ့ တခြားသော သက်ရှိ ရေသတ္တဝါငယ် တွေကို စားသုံးလေ့ ရှိတယ်။ ဆိုင်ဝေလငါး တွေဟာ ၆၄ ပေအရှည်ထိ ကြီးထွားနိုင်ပြီး အကြီးဆုံး အရွယ်အစားမှာ တန် ၅ဝ ထိ လေးလံ ပါတယ်။ ဆိုင် ဝေလငါး တွေဟာ တစ်နာရီ ၃၁ မိုင်နှုန်းထိ ကူးခတ် သွားနိုင်ပါတယ်။ သူတို့ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၅ဝ မှ နှစ်ပေါင်း ၇ဝ ထိ ရှင်သန်နိုင် ပါတယ်။ ကမ်းခြေဒေသ တွေမှာသာ နေထိုင် ကျက်စားပြီး ဆိုင် အမျိုးအစား ဝေလငါးတွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ ကောင်ရေပေါင်း ရှစ်သောင်း လောက် ရှိပါတယ်'' ဟု ချီလီနိုင်ငံ နေရှင်နယ် ဘူမိဗေဒ အဖွဲ့ချုပ်က ဆိုင် ဝေလငါးနှင့် ပတ်သက်သည့် အချက်အလက်များ ကိုပါ အသေးစိတ် ရေးသား ဖော်ပြ သွားခဲ့သည်။

နေရှင်နယ် ဘူမိဗေဒ အဖွဲ့အချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ ဆိုင် ဝေလငါးများ သေဆုံးခဲ့ ရခြင်း၏ အဓိက အကြောင်းရင်းမှာ ရာသီဥတု ဖောက်ပြန်မှု များကြောင့် ဖြစ်သည်ဟု ခန့်မှန်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment