Pages

Monday, December 7, 2015

ဘေးအန္တရာယ် ကင်းသည့် အဆင့်မြင့်အစားအစာများ စားသုံးနိုင်ရးအတွက် နယ်စပ်ဒေသတို့၌ ရောဂါကင်းရှင်းရေးဇုန်များ ထူထောင်သွားမည်


ရန်ကုန် ၊ ၇-၁၂-၂၀၁၅

မွေးမြူရေး ထုတ်ကုန်များအား အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေး၊ အဆင့်မြင့် အစားအစာများ စားသုံးနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းသော အစားအစာများ ဖြစ်စေရေးတို့ အတွက် နယ်စပ်ဒေသ တို့၌ ရောဂါကင်းရှင်းရေး ဇုန်များကို ထူထောင် သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်မြတ်ဦး ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ်မှစ၍ အာဆီယံ စီးပွားရေး အသိုက်အဝန်း၌ ပူးပေါင်း ဆောင်ရွက် နေသဖြင့် ယခုကဲ့သို့ နယ်စပ်ဒေသ၌ ရောဂါ ကင်းရှင်းရေး ဇုန်များကို ထူထောင်သွားရန် စီစဉ်ခြင်း ဖြစ်ပြီး အဆိုပါ ဇုန်များအား ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့မှ ချမှတ်ထားသော မူဘောင်များနှင့် အညီ ဆောင်ရွက်သွားရန် စီစဉ် ထားကြောင်း သိရသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်နှင့် အညီ တိရစ္ဆာန် မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများအား အဆင့်မီစွာ ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသားစားကြက်နှင့် ဥစားကြက် မွေးမြူ ထုတ်လုပ်ရေးကို အာဆီယံ စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက် သွားရန်စီစဉ် ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဆီယံ ဒေသတွင်း တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော ရောဂါများ လျော့ကျ စေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေး များကို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန် ကျန်းမာရေးနှင့် ကူးစက် ရောဂါများ အတွက် အာဆီယံ နိုင်ငံများ ညှိနှိုင်း ဆောင်ရွက်မှု ဗဟိုအဖွဲ့ ထူထောင်ခြင်း ဆိုင်ရာ သဘော တူညီချက်ကို အာဆီယံ နိုင်ငံအတွင်း လက်မှတ်ရေးထိုး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဒေသအတွင်း လွတ်လပ်သော ကုန်သွယ်ရေး စနစ် သဘော တူညီချက်အရ မြန်မာနိုင်ငံသည် လွတ်လပ်သော ကုန်သွယ်မှုတွင် ပါဝင်လာပြီ ဖြစ်သဖြင့် မွေးမြူရေး ထုတ်ကုန်များ၊ သားငါး ထုတ်လုပ်မှုများ အတွက် ဈေးကွက် ယှဉ်ပြိုင်မှုများ မှာလည်း ပိုမိုကြုံတွေ့ လာမည်ဖြစ်ပြီး သားငါးကဏ္ဍ ထုတ်လုပ်မှုအား ကမ္ဘာ့နိုင်ငံ များနှင့် နှိုင်းယှဉ်၍ ဖြစ်ပေါ်လာမည့် အားသားချက်၊ အားနည်းချက် တို့ကို သိရှိရန် လိုအပ်ပြီး မွေးမြူ ထုတ်လုပ်သူများ အနေဖြင့် ပြင်ဆင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment