Pages

Thursday, December 17, 2015

မဲခေါင်ဒေသအတွင်း ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူစေရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၅

မြန်မာနိုင်ငံမှ မဲခေါင်ဒေသ  အတွင်း ကုန်စည် ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူစေရန် မူဘောင် သဘောတူညီချက်  စာချုပ် (CBTA) အပြင် နောက်ဆက်တွဲ အခြေပြ စာချုပ်ငယ် ၂ဝ ကို လက်ခံ အတည်ပြုပြီး ဖြစ်သောကြောင့် International Operator Licence ထုတ်ပေးရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

''ဆင်းရဲမှုကို လျှော့ချဖို့ အတွက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ ကို တိုးမြှင့်ဆောင်ရွက်ဖို့ စာချုပ်ဝင်နိုင်ငံ အချင်းချင်းကြားမှာ ခရီးသည် တွေနဲ့ ကုန်ပစ္စည်းတွေ နယ်စပ်ဖြတ် ကျော်မှု လွယ်ကူစေဖို့၊ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာဥပဒေ၊ စည်းမျဉ်းနဲ့ နည်းစနစ် သတ်မှတ်ပြဋ္ဌာန်း ချက်တွေကို တညီတညွတ်တည်း ဖြစ်စေဖို့ ရည်ရွယ်ပြီး International Operator Licence အသုံးပြုနိုင်မယ့် Chip ပါဝင်တဲ့ Smart Card တွေပြောင်းလဲ ထုတ်ပေးသွားဖို့ ရှိပါတယ်'' ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို က ပြောသည်။

ထို့ပြင် Chip Smart Card ကိုင်ဆောင်သူများ အနေဖြင့် တစ်ဦးချင်းစီ၏ အချက်အလက် များကို Digital နည်းဖြင့် လုံခြုံစိတ်ချစွာ ထည့်သွင်းနိုင်ခြင်း၊ အချက်အလက် များကို Coding System ဖြင့် ထိန်းသိမ်းထားသည့် အတွက် ကူးယူခြင်းနှင့် အတုအပ ပြုလုပ်ခြင်းမျိုးများ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ ကတ် ကိုင်ဆောင်သူ၏ ယာဉ်စည်းကမ်း ချိုးဖောက်မှု ပြစ်မှုမှတ်တမ်း နှင့် ကိုယ်ရေး အချက်အလက် များကိုလည်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ မိုဘိုင်းလ်ဖုန်း ဖြင့် အလွယ်တကူ စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Chip Smart Card ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ International Operator Licence အသုံးပြု မောင်းနှင်မည့် ယာဉ်မောင်းများအား ဦးစားပေး ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဧပြီလမှ စတင်၍ လိုင်စင်အသစ် ပြုလုပ်သူများနှင့် လဲလှယ်သူများ ကိုပါ ထုတ်ပေးသွားမည် ဖြစ်ပြီး မူလဈေးနှုန်း အတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment