Pages

Tuesday, December 22, 2015

နတ်ပေါက်ဆင်စခန်း အတွင်း နိုင်ငံခြားခရီးသွားဧည့်သည်များ အတွက် ၀န်ဆောင်မှုကောင်းများ ပြည့်ဝစွာ ပေးနိုင်ပါက ယခုဝင်ရောက်မှုထက် ပိုမိုတိုးလာနိုင်မည်



ကသာ ၊ ၂၂-၁၂-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော် မြို့၌ ရှိသော နတ်ပေါက် ဆင်စခန်းသည် ယခုအခါ နိုင်ငံခြား ခရီးသွားဧည့်သည် များ လာရောက် လေ့လာမှု များပြားလာ သော်လည်း ယင်း စခန်းအတွင်း ခရီးသွား ဝန်ဆောင်မှု များ ပြည့်ဝစွာ ပေးနိုင်ခြင်းမရှိဘဲ ဝန်ဆောင်မှု ပိုမိုပေးနိုင်ပါက နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှု ယခုထက်ပိုမို တိုးလာမည်ဖြစ်ကြောင်း နတ်ပေါက် ဆင်စခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နတ်ပေါက် ဆင်စခန်း၌ အိမ်သာ (ဘိုထိုင်)နှင့် လျှပ်စစ်မီးမရှိခြင်း၊ ဆင်စားကျက်ဧရိယာ သတ်မှတ်ထိန်းသိမ်း ထားမှုမရှိခြင်း၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဆင်စခန်းအနီး မီးသွေးဖုတ်  လုပ်ငန်းများ လုပ်ကိုင်နေခြင်း တို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ပေးနိုင်မည် ဆိုပါက နတ်ပေါက် ဆင်စခန်းအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်ဦးရေ ယခုထက် ပိုမိုတိုးလာမည် ဖြစ်ကြောင်း သိရသည်။

နတ်ပေါက် ဆင်စခန်း၌ လာရောက် လေ့လာသော နိုင်ငံခြား ခရီးသွားဧည့်သည် များကို ဆင်ကြည့်ရှုခ ကျပ်၂ဝဝဝဝ၊ ဆင်စီးခ ကျပ်၂ဝဝဝဝ နှုန်းဖြင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ ဝန်ဆောင်ခ ယူကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဆင်စခန်း အတွင်း ဆင်အကောင်ရေ ၂ဝ ကျော်ရှိပြီး ဆင်နာရုံတစ်ရုံ၊ အနားပေး သားမွေးဝိုင်းရုံ တစ်ရုံရှိပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လေ့လာပါက ဆင်များအား ရေချိုးပြခြင်း၊ အစာကျွေးခြင်းဖြင့် ဆင်နှင့် ဆင်ဦးစီး တို့၏ ရင်းနှီးမှုကို ပြသပေးကြောင်း၊ တောအတွင်း ဆင်စီးပြကွက် များကိုလည်း ပြသပေးကြောင်း နှင့် နတ်ပေါက် ဆင်စခန်း အတွင်း ဆင်ဝန်ထမ်းပေါင်း ၂ဝ ကျော်အထိ ရှိကြောင်း သိရသည်။

ကသာခရိုင်သည် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာဒေသ တစ်ခုဖြစ်ပြီး ယင်း ဒေသအတွင်း ၄င်းတို့ စိတ်ဝင်တစား သွားရောက်သော နေရာများမှာ သမိုင်း အမွေအနှစ်များ ရှိသည့် မန်လည်ဒေသ၊ အင်းတော်အင်း၊ ဗန်းမောက်မြို့ရှိ ဇလုံတောင် ဒေသနှင့် နတ်ပေါက် ဆင်စခန်း တို့ဖြစ်ကြောင်းနှင့် ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လေ့လာမှု များပြား လာနိုင်သည့် ဒေသတစ်ခု ဖြစ်လာ နိုင်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment