Pages

Monday, December 7, 2015

ကမ္ဘာ့အကြီးဆုံး နက္ခတ်တာရာကြည့်မျှော်စင် တည်ဆောက်မည့် စီမံကိန်းကို ပြန်လည်ရုပ်သိမ်း



ကယ်လီဖိုးနီးယား ၊ ၇-၁၂-၂၀၁၅

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်း တွင် နိုင်ငံတကာ ပူးပေါင်းထားသော ကုမ္ပဏီကြီး တစ်ခုက ကမ္ဘာ့အကြီးဆုံး နက္ခတ်တာရာ ကြည့်မျှော်စင် တည်ဆောက်မည့် စီမံကိန်းကို ဟာဝိုင်အီ ပြည်နယ် တရားရုံးက ခွင့်ပြုချက် ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဟာဝိုင်အီ ပြည်နယ် အမျိုးသားပိုင် မြေနှင့် သဘာဝ အရင်းအမြစ် ဘုတ်အဖွဲ့ အနေဖြင့် မီတာ ၃ဝ တယ်လီစကုပ်ကြီး တည်ဆောက်ရေး စီမံကိန်းကို ဂဃနဏ မလေ့လာဘဲ တည်ဆောက် ခွင့်ပြုမိန့်ပေး လိုက်ခြင်းသည် မှားယွင်းကြောင်း၊ တရားရုံး အနေဖြင့် ယုံကြည်ရသည့် အထောက်အထားများ ရှိနေသောကြောင့် အဆိုပါ နက္ခတ်တာရာကြည့် မျှော်စင် တည်ဆောက်ရေး စီမံကိန်းကို ခွင့်ပြုမိန့် ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

''ဟာဝိုင်အီ ပြည်နယ်က ဒေသဆိုင်ရာ အာဏာပိုင် တွေရဲ့ လမ်းညွှန်မှု အတိုင်း ဆက်လက် ဆောင်ရွက်သွား ပါ့မယ်။ ရှေ့ဆက်သွား ရမယ့် လမ်းခရီး တစ်လျှောက် မှာလဲ ဘယ်လို ခြေလှမ်းမျိုး လှမ်းရမလဲ ဆိုတာ ကျွန်တော်တို့ သတိထား ဆင်ခြင် နေပါတယ်'' ဟု ဖော်ပြပါ မီတာ ၃ဝ တယ်လီစကုပ်ပါ ကမ္ဘာ့ အကြီးဆုံး နက္ခတ် တာရာကြည့် မျှော်စင် တည်ဆောက်ရေး စီမံကိန်း သဘာပတိ ဟင်နရီရန်း က ပြောပြသည်။

နိုင်ငံတကာ ကုမ္ပဏီကြီးကို ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယား ပြည်နယ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်တို့က ဦးဆောင်လျက် ရှိပြီး ဟာဝိုင်အီ ကျွန်းပေါ်ရှိ အကြီးဆုံး တောင်ဖြစ်သော Mauna Kea ပေါ်တွင် မြေအကျယ် ငါးဧကပေါ်၌ မီတာ ၃ဝ တယ်လီစကုပ်တပ် ကမ္ဘာ့ အကြီးဆုံး နက္ခတ် တာရာကြည့် မျှော်စင်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အကုန်အကျခံ တည်ဆောက် သွားမည့် စီမံကိန်း ဖြစ်သည်။

Mauna Kea တောင်သည် ဟာဝိုင်အီ ပြည်နယ်၏ ထိန်းသိမ်း စောင့်ရှောက်ရမည့် ဒေသအတွင်း ပါဝင်နေပြီး ၁၈ ထပ် တိုက်တစ်တိုက် နီးပါး မြင့်မားမည့် မျှော်စင်ကြီးကို တည်ဆောက်ခြင်း ဖြင့် Mauna Kea ၏ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည်ဟု ဟာဝိုင်အီ ပြည်နယ်တွင် နေထိုင်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီ များက ဆန္ဒပြ ကန့်ကွက်ခဲ့ သောကြောင့် ဟာဝိုင်အီ တရားရုံးက ခွင့်ပြုမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment