Pages

Wednesday, December 30, 2015

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးရောဂါ



ဒေါက်တာလွင်သန့် (ဆေး-၂)

အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး ရောဂါသည် မြန်မာနိုင်ငံ၌ စောင့်ကြည့်ရသည့် ရောဂါနှစ်မျိုး ဖြစ်ပြီး ရောဂါပိုးရှိသူမှ တစ်ဆင့် တခြားသူများ ထံသို့ ကူးစက် တတ်ကြောင်း သိရသည်။

သွေးစစ်ကြည့် ပါက HBS Ag ပဋိပစ္စည်းဆိုလျှင် ဘီပိုးရှိပြီး Anti-HCV ပဋိလုံပစ္စည်း ဆိုလျှင် စီပိုးရှိသည်။ ဘီပိုး နာတာရှည် သူများမှာ ဘီ Positive တွေ့ပြီး ခြောက်လ အကြာတွင် Negative ဖြစ်သူများလည်း ရှိနိုင်သည်။ ပထမအကြိမ် Positive ရှိပြီး နောက်ခြောက်လ အကြာ သွေးစစ်ပါက Positive ဖြစ်လျှင် နာတာရှည် လူနာများ ဖြစ်သည်။ စီပိုးရောဂါရှိပြီး Anti-HCV ရှိနေလျှင် စီပိုး နာတာရှည် လူနာဖြစ်သည်။ ကမ္ဘာပေါ်တွင် စီပိုး ကူးစက်သူက ပိုမိုသက်တမ်း တိုသည်။

အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး ကူးစက်ခြင်းမှာ ရောဂါပိုး ပါရှိသည့် ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း၊ သွေးဖောက်ခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း၊ သွား ဆေးကုသခြင်း၊ ဓားတစ်ချောင်း တည်းဖြင့် ဆက်တိုက် ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ် ရိတ်ခြင်း၊ ပိုးရှိသူ၏ သွားပွတ်တံ၊ လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်ဓား မျှဝေ သုံးစွဲခြင်း၊ ရောဂါပိုးရှိသူ နှင့် လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူထံမှ သွေးသွင်းခြင်း နှင့် ရောဂါရှိသော မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း တို့ဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

နောက်ဆက်တွဲ ဆိုးကျိုးများမှာ တခြားသူများထံ ကူးစက်နိုင်ပြီး ဘီပိုးရှိသူမှာ ကုသရန် ဆေးမပေါ်သေး သော်လည်း သက်တမ်းစေ့ နေနိုင်သည်။ စီပိုးရောဂါ ကူးစက်သူမှာ နာတာရှည် အသည်းရောင် ရောဂါ၊ အသည်းမှ အမာရွတ် ဖြစ်စေခြင်း၊ အသည်းကျွတ်ဆက် ခြင်းနှင့် အသည်းကင်ဆာ တို့ ဖြစ်ပွားနိုင်သည်။

ကုသခြင်း

ဘီပိုးရှိသူများကို ဘီပိုး ကာကွယ်ဆေး ထိုးပေးဖို့ မလိုသလို ၈၅ ရာခိုင်နှုန်းသည် ဘီပိုး ကုသဆေး မလိုပါ။ ၁၅ ရာခိုင်နှုန်းသာ ဘီပိုးသေဆေးနှင့် ကုသဖို့ လိုသည်။ ဘီပိုးများ နေပြီး အသည်းထိခိုက် ပျက်စီးမှု ရှိသူများကို ကုသရမည်။ ဘီပိုးပွားများ၊ မများ စစ်ဆေးပါက ပိုးကောင်ရေ ရေတွက်နည်းဖြင့် သိရှိနိုင်သည်။ စီပိုးရှိသူကို စီပိုးသေ ဆေးဖြင့် ကုသနိုင်သည်။ နောက်ဆုံးပေါ် Direct Acting Antivirtal Drug (DAA) နှင့် ကုသပေးနိုင်သည်။  ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စီပိုးကို အခမဲ့ ကုသပေးမည်။ ဘီပိုးသေဆေး အင်တာမရွန် ထိုးဆေးနှင့် လယ်မီဗျူဒင်း၊ အဒီဗိုဗာ၊ တယ်လ်ဘီဗျူဒင်း တို့ဖြင့် ဘီပိုး အရေအတွက် ကျသည်အထိ ကုရမည်။

ကြိုတင်ကာကွယ်မှု

ကြိုတင် ကာကွယ်မှုများ အနေဖြင့် ဘီပိုး၊ စီပိုးရှိသူနှင့် အစားအသောက်၊ အသုံးအဆောင် ပစ္စည်း သီးခြားထားသင့်ပြီး ရောဂါပိုးရှိသူ များ၏ အိမ်၌ နေထိုင်ပါက တတ်နိုင် သမျှ ကူးစက်နိုင်ခြေ နည်းပါးစေရန် ဂရုစိုက်သင့် ပါသည်။ အသည်းရောင် ဘီပိုး ကာကွယ်ဆေးကို လစဉ်ဆက်တိုက် သုံးကြိမ် ထိုးနှံပါက အသည်းရောင်ဘီ မှ ကာကွယ်နိုင် ပါသည်။ မွေးကင်းစ ကလေး ကာကွယ်ဆေး ငါးမျိုးစုံ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်ရောင်) ရောဂါ ကာကွယ်ဆေးကို ကလေးနှစ်လ၊ လေးလနှင့် ခြောက်လသား တွေမှာ ထိုးနှံထားလျှင် ရောဂါမဖြစ်ပါ။

လူနာများလိုက်နာရန်

အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုအားလုံး ဖြတ်ရမည်။ အဆီအနှစ်၊ မလိုင်၊ ထောပတ်၊ နို့၊ ကြက်ဥအနှစ် နှင့် ဆီကြော်မုန့် စားသုံးခြင်း ရှောင်ရပါမည်။ ဆိုးဆေး၊ ဓာတု တာရှည်ခံ ဆေးပါတဲ့ အရည်၊ မုန့်၊ အစားအစာနှင့် သံဓာတ်ပါသည့် အားဆေး မသောက်ရပါ။ သံဓာတ်ပါသည့် အစားအစာ အသည်းအမြစ်၊ ကလီစာ၊ ဟင်းနုနယ် မစားရပါ။ အချဉ်ရည်၊ သံပရာသီး၊ ရှောက်သီး များများစားခြင်း ရှောင်သင့်သည်။ အငန်ပါသည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက် လျှော့စားသင့်ပါသည်။ အစာစားရာတွင် အမာမစားသင့်ပါ။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment