Pages

Thursday, December 24, 2015

အလောင်းတော်ကဿပ ဘုရားဖူးများကို အဆင်ပြေစေရန် ဆင်အကောင် ၆၀ ဖြင့် ၀န်ဆောင်မှုပေးမည်



ယင်းမာပင် ၊ ၂၄-၁၂-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်အတွင်း တည်ရှိသော အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလဆန်းမှ ဧပြီလ မိုးမကျမီထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

အဆိုပါ ဘုရားဖူးရာသီ ချိန်တွင် ဆင်များဖြင့် သပိတ်ဆေးစခန်း၊ ကားရပ်နားစခန်းမှ ဘုရားရင်ပြင်တော် အလောင်းတော် ကဿပ စံကျောင်းတော်သို့ ဘုရားဖူးများကို ပို့ဆောင်ပေးမည် ဖြစ်သည်။

''ကျွန်တော်တို့ ဥယျာဉ်မှာ ဌာနပိုင်ဆင် ၃၄ ကောင်ရှိပါတယ်။ ဆင်ငယ်၊ သားသည်ဆင်မ၊ အရွယ် မရောက်သေးတဲ့ ဆင်နဲ့ ကင်းလှည့် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆင်တွေ ချန်လှပ်ပြီး ဘုရားဖူးရာသီမှာ ဌာနပိုင် ဆင် ၁၃ ကောင်နဲ့ ဘုရားဖူး ခရီးသည်တွေကို ပို့ဆောင်ဖို့ အတွက် ဝန်ဆောင်မှု ပေးသွားပါမယ်။ အမျိုးသားဥယျာဉ် အတွင်း ကင်းလှည့် ထိန်းသိမ်းရေး လုပ်ငန်းတွေ ကို ဝန်တင်ဆင်အဖြစ် အဓိက အသုံးပြုပါမယ်'' ဟု အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူး က ပြောပြ၍ သိရသည်။

''ဒီနှစ် ဘုရားဖူးရာသီမှာ ဘုရားဖူး ဧည့်သည်တွေ ပို့ဆောင်ပေးဖို့ အဆင်ပြေ ချောမွေ့စေရေး အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နဲ့ ဒုတိယဝန်ကြီး တို့ရဲ့ ညွှန်ကြားချက်အရ မြန်မာ့ သစ်လုပ်ငန်းက ဆင် ၇၇ ကောင်ကိုလဲ အမျိုးသား ဥယျာဉ်အတွင်း ရွှေ့ပြောင်း စခန်းချ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီအထဲက ဆင် ၄၇ ကောင်ကို ထပ်မံ ဖြည့်ဆည်းပြီး ခရီးသည်တွေ ပို့ဆောင်ဖို့ လွယ်ကူစွာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ အရင်နှစ်ရဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ ဘုရားဖူးရာသီမှာ စုစုပေါင်း ဆင်အကောင်ရေ ၆ဝနဲ့ ဘုရားဖူး ခရီးသည် ပို့ဆောင်ရေးကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဆင်စီးနိုင်သည့် အချိန်မှာ နံနက် ၆နာရီမှ ၁၁ နာရီခွဲအတွင်း နှင့် ညနေ ၃ နာရီမှ ၆ နာရီအတွင်း စီးနင်းနိုင်ကြောင်း သိရသည်။ ထိုသို့ အချိန်ခြား ထားခြင်းမှာ ဆင်များကို နားချိန် ပေးရခြင်း ဖြစ်ကြောင်း၊ လူနှင့် မယဉ်ပါးသော ဆင်နှင့် လူစီးရန် လေ့ကျင့်မှု မရှိသေးသော ဆင်များကို ဘုရားဖူး ခရီးသည်များ အန္တရာယ်မဖြစ် စေရန်အတွက် ချန်လှပ် ထားကြောင်း သိရသည်။

ထွန်းကိုကို (ယင်းမာပင်)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment