Pages

Wednesday, December 2, 2015

ရေကြီး၍ နစ်မြုပ်သည့် ငါးကန်များကို ပြန်လည်ပြုပြင်ပြီး ငါးများပြန်လည်မွေးမြူ သွားမည်



ရန်ကုန် ၊ ၂-၁၂-၂၀၁၅

ရေကြီးနစ်မြုပ်သည့် ငါးကန်များကို ပြန်လည် ပြုပြင်၍ ငါးကန်တချို့ တစ်ဝက်တွင် ငါးမွေးမြူရေး လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် သွားမည်ဖြစ်ပြီး ကျန်ငါးကန်များ ကို ပွင့်လင်းရာသီ ရောက်မှသာ မွေးမြူမည် ဖြစ်ကြောင်း သိရသည်။

ရေကြီးနစ်မြုပ် သွားသည့် ငါးကန်များကို ကန်ပေါင်များ ပြန်လည်ပြုပြင်၍ စိတ်ချရသည့် အခြေအနေရရှိမှ ပြန်လည် မွေးမြူမည် ဖြစ်သည့်အတွက် ငါးမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်း ကျဆင်းနိုင်ကြောင်း၊ ရေကြီးနစ်မြုပ် သွားသည့် ငါးကန်များတွင် ငါးသားပေါက်များ ဆုံးရှုံးခဲ့ ရကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ငါးမွေးတာ ကတော့ အမျိုးအစား ပေါ်မူတည်ပြီး ဈေးနှုန်းတွေ မတူပါဘူး။ ရေကြီး နစ်မြုပ်ချိန်မှာ ချက်ချင်း မွေးနိုင်တဲ့ ငါးမျိုးဆုံးရှုံးတာ ရှိသလို နောင်နှစ် မွေးဖို့ပျိုးထောင် ရမယ့်ငါးတွေ ဆုံးရှုံးတာလည်း ရှိပါတယ်။ တန်ဖိုးနဲ့  ကြည့်မယ် ဆိုရင်တော့ လိုအပ်ချက် များတာပေါ့'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးမွေးမြူရေး လုပ်ငန်းပြန်လည် ထူထောင် နိုင်ရန်နှင့် ငါးသားပေါက် လိုအပ်ချက်ကို အလျင်မီအောင် ပြန်လည် ဖြည့်တင်းပေးရန် စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း၊ ငါးကန်များ အချိန်မီ ပြန်လည်  ထူထောင်နိုင်ရန် သာမက ခေတ်မီသည့် နည်းစနစ်များ အသုံးပြု၍ ငါးမျိုးများ စိုက်ထည့် နိုင်ရန်လည်း ကြိုးစားလျက် ရှိကြောင်း၊ ထိခိုက်ပျက်စီး မှုများကိုလည်း မူလအတိုင်း ပြန်လည် ထူထောင်နိုင်ရန် အချိန်တို အတွင်း ကြီးထွားနိုင်သည့် ငါးမျိုးစိတ် များကို မွေးမြူသွားမည် ဖြစ်ကြောင်း သိရသည်။

''ပြန်လည် မွေးမြူတဲ့ နေရာမှာ အချိန်တိုအတွင်း မွေးမြူလို့ရမယ့် ငါးမျိုး၊ စီးပွားဖြစ် အချိန်တိုအတွင်း ကြီးထွားမယ့် ငါးမျိုးတွေနဲ့ နိုင်ငံတကာ ဈေးကွက်က လက်ခံတဲ့ ငါးမျိုးစိတ် တွေကိုပြောင်းပြီး ခေတ်မီ နည်းစနစ်နဲ့ မွေးမြူဖို့ ဆောင်ရွက် နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌ ငါးမွေးမြူရေးကန် ဧကပေါင်း သုံးသောင်း လေးထောင်ကျော် ဆုံးရှုံးခဲ့ ရကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment